မုဒုံ ဖေဖော်ဝါရီ ၈
မွန်ပြည်နယ်၊ မုဒုံမြို့နယ်အတွင်းရှိ ကျောင်းတိုက်အသီးသီးတို့မှ သံဃာတော်များနှင့် သာသနာ့နွယ်ဝင်များ၊ ဌာနဆိုင်ရာ ဝန်ထမ်းများနှင့် အသက်(၆၅)နှစ်အထက် ပြည်သူများအား ကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေး ထပ်ဆောင်း Booster Dose ထိုးနှံ ပေးခြင်းကို ယနေ့ နံနက်က မြို့မ(၄)ရပ်ကွက်ရှိ သာသနာ့ဗိမ္မာန်တော်၌ ဆောင်ရွက် လျက်ရှိကြောင်း သိရသည်။
ထိုးနှံပေးရာတွင် ကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေး နှစ်ကြိမ်ထိုးနှံထားပြီး သုံးလနှင့် ခြောက်လ ပြည့်ပြီးသည့် သံဃာတော်များ၊ သီလရှင်များနှင့် အတူနေလူပုဂ္ဂိုလ်များ၊ ရဲတပ်ဖွဲ့ဝင်များ၊ ဌာနဆိုင်ရာ ဝန်ထမ်းများနှင့် ပရဟိတလူမှုကူညီရေး အဖွဲ့ဝင်များတို့အား ကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေး ထပ်ဆောင်း Booster Dose အဖြစ် ရုရှား နိုင်ငံထုတ် Sputnik Light ကိုဗစ်ကာကွယ်ဆေးကို ကျန်းမာရေး ဝန်ထမ်းများက စနစ်တကျထိုးနှံပေးကြပြီး မြို့နယ်စီမံ အုပ်ချုပ်ရေး အဖွဲ့ဥက္ကဋ္ဌ ဦးတင့်ဇော်နှင့်အဖွဲ့ဝင်များ မြို့နယ်ကိုဗစ်-၁၉ ကာကွယ် ထိန်းချုပ်ရေး ကော်မတီမှ တာဝန်ရှိသူများ၊ စေတနာ့ဝန်ထမ်းများက လိုအပ်သည်တို့ကို ပူးပေါင်းဆောင်ရွက် ပေးခဲ့ကြသည်။
မုဒုံမြို့နယ်တွင် Booster Dose ထိုးနှံပေးခြင်းကို ဖေဖော်ဝါရီလ ၅ ရက်နေ့မှ စတင်ကာ ဌာနဆိုင်ရာ ဝန်ထမ်းများ၊ ရဲတပ်ဖွဲ့ဝင်များ၊ သာသနာ့နွယ်ဝင် သံဃာတော်နှင့် သီလရှင်များ၊ ပရဟိတအဖွဲ့များတို့အား သတ်မှတ်ဦးစားပေး အစီအစဉ်အလိုက် ထိုးနှံပေးလျက်ရှိပြီး ယမန်နေ့ အထိ စုစုပေါင်း (၉၆၇)ဦးအား ထပ်ဆောင်း Booster Dose ထိုးနှံပေးခဲ့ပြီးဖြစ်ကြောင်း သိရသည်။
အောင်မျိုးသူ(ပြန်/ဆက်)