ညောင်ဦးခရိုင်အတွင်း တိုင်ထောင်ခရမ်းချဉ်စိုက်ပျိုး တောင်သူများအောင်မြင်ဖြစ်ထွန်း တစ်ပိသာ ၉၀၀ ကျပ်ရောင်းချရခြင်းကြောင့်တွက်ခြေကိုက်ကြ

ညောင်ဦး  ဖေဖော်ဝါရီ ၈

မန္တလေးတိုင်းဒေသကြီး၊ ညောင်ဦးရိုင်၊ ကျောက်ပန်းတောင်းမြို့နယ်နှင့် ညောင်ဦးမြို့နယ်ရှိ ကျေးလက်တောင်သူများ မြေအောက်ရေသွင်း စိုက်ပျိုးကြသည့် တိုင်ထောင်ခရမ်းချဉ် စိုက်ပျိုးတောင်သူများ အောင်မြင်ဖြစ်ထွန်းပြီး ခရမ်းသီးပေါ်ချိန် တစ်ပိသာ ၉၀၀ကျပ် ရောင်းချနေရခြင်းကြောင့် ခရမ်းချဉ်စိုက်ပျိုးတောင်သူများ မိသားစုဝင်ငွေ တွက်ခြေကိုက် နေကြကြောင်း ကျောက်ပန်းတောင်းမြို့နယ် လဲဂွကျေးရွာခရမ်းချဉ် စိုက်ပျိုးတောင်သူ ဦးဝင်းမောင်ထံက သိရသည်။

ကျောက်ပန်းတောင်းမြို့နယ် လက်ပံအိုင့်ကျေးရွာ၊ လဲဂွ၊ ညောင်ဖြူပင်၊ မုန့်ကုန်း၊ အမှတ်-၃၊ ဆပ်ပြာကျင်း၊ မကျီးတိုင်းကျေးရွာများနှင့် ညောင်ဦးမြို့နယ် လက်ပံခြေပေါ်ကျေး ရွာအုပ်စုရှိ ကျေးရွာများ၊ အောက်ညဉ့်ကျေးရွာ၊ အထက်ညဉ့်ကျေးရွာ၊ သူကောင်းတည် ကျေးရွာနှင့် တောင်ဖက်တန်း ကျေးရွာများသည် မြေအောက်ရေသုံးပြု တိုင်ထောင် ခရမ်းချဉ်စိုက်ပျိုးသည့် ကျေးရွာများ ဖြစ်ကြကြောင်း၊ ပြောင်းလည်းလာသည့် ခေတ်မီစိုက်ပျိုးရေး နည်းစနစ်များနှင့်အတူ ခရမ်းချဉ်ပျိုးထုပ်များကိုလည်း တစ်သုံးလုံး တံဆိပ်စပ်မျိုး ခရမ်းချဉ်ပျိုးထုပ်များ ဝယ်ကာ ပျိုးအိတ်တစ်အိတ် တစ်စေ့နှုန်းဖြင့် ပျိုးထောင်ကြကြောင်း ပျိုးထောင် သက် ၁၅ ရက်ခန့်ရလျှင် ခရမ်းချဉ်စိုက်မည့် စိုက်ခင်းသို့ ရွေ့ပြောင်းစိုက်ပျိုးရပြီး ရေသွင်းစနစ်ဖြင့် ရေမြောင်းလုပ်ကာ ရေမြောင်းတက်တချက် ခရမ်းချဉ်ပင်များ စိုက်ပျိုးပြီး ခရမ်းချဉ်အပေါ်သို့ ဖြောင့်မတ်စွာ တက်နိုင်စေရန် တိုင်ထောင်ပေးထားရကြောင်း၊ ခရမ်းချဉ်ပင်များ ရက် ၂၀ ခန့်ရှိလျှင် ခွပွင့်လိုက်ပြီး စတင်အသီးသီးကြောင်း သိရသည်။

တိုင်ထောင်ခရမ်းချဉ် ပင်များ အပင်ဖြစ်ထွန်းမှုအားကောင်းပြီး အသီးသီးနှုန်းလည်း ကောင်းမွန်ခြင်းကြောင့် တစ်သုံးလုံး ခရမ်းချဉ်ပျိုးအိတ် တစ်အိတ်စိုက်ပျိုးလျှင် ခရမ်းချဉ်သီး လှိုင်လှိုင်ပေါ်ချိန် တစ်ခါဆွတ်ခူးလျှင် ပိသာချိန် ၁၀၀ ခန့် ပုံမှန်ဆွတ်ခူးရကြောင်း၊ နှစ်ရက်တစ်ခါဆွတ်ခူးရကြောင်း ထွက်ရှိလာသည့် ခရမ်းချဉ်သီးများကို ခရမ်းချဉ်ပွဲစားများ စိုက်ခင်းထိလာရောက် ဝယ်ယူကြခြင်းနှင့် ကျောက်ပန်းတောင်း မြို့မဈေးပွဲရုံများသို့ ရောင်းခြင်း၊ ညောင်ဦးမြို့နယ်ထွက် ခရမ်းချဉ်သီးများအား ပခုက္ကူဈေးကွက်သို့ အများဆုံးရောင်းချပြီး၊ ညောင်ဦးမြို့ မဏိစည် သူဈေးသို့လည်း သွားရောက် ရောင်းချကြကြောင်း၊ တိုင်ထောင်ခရမ်းချဉ်သီး လှိုင်လှိုင်ပေါ် ချိန် တစ်ပိသာ ၉၀၀ ကျပ် ရောင်းချရခြင်းကြောင့် တိုင်ထောင်ခရမ်းချဉ် စိုက်ပျိုးတောင်သူများ မိသားစုဝင်ငွေ တွက်ခြေကိုက်နေကြကြောင်း ခရမ်းချဉ်စိုက် တောင်သူများ ထံက သိရသည်။

ကိုထိန်၊KPD