အောင်မြေသာစံ ဖေဖော်ဝါရီ ၈
၂၀၂၂ ခုနှစ်၊ ဖေဖော်ဝါရီလ ၁၂ ရက်နေ့တွင် ကျရောက်မည့် (၇၅)နှစ်မြောက် စိန်ရတု ပြည်ထောင်စုနေ့ အထိမ်းအမှတ်ဟောပြောပွဲကို မန္တလေး၊အောင်မြေသာစံမြို့နယ်ရှိ အမှတ်(၁၀) အခြေခံပညာအထက်တန်းကျောင်း စာကြည်တိုက်ခန်းမဆောင်၌ ယမန်နေ့ နံနက် ၁၀ နာရီက ကျင်းပရာ မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဦးစီးအရာရှိ ဒေါ်စံပယ်က စိန်ရတုပြည်ထောင်စုနေ့ အထိမ်းအမှတ် ဟောပြောပွဲ ကျင်းပပြုလုပ်ရခြင်း ရည်ရွယ်ချက်ကို ရှင်းလင်းပြီး မြန်မာနိုင်ငံ သတင်းမီဒီယာကောင်စီအဖွဲ့ဝင်၊ အထက်မြန်မာပြည်သတင်းစာ ဆရာများအသင်းဥက္ကဋ္ဌ ဦးဌေးအောင်(စာရေးဆရာ ဌေးအောင်-မန်းတက္ကသိုလ်) (၇၅)နှစ်မြောက် ပြည်ထောင်စုနေ့အကြောင်းကို လည်းကောင်း၊ မြို့နယ်စာရေးဆရာများအသင်း နာယက ဦးလှဘော်(လှဘော်-မအူပင်)က ပါဝင်ဆင်နွှဲ ပြည်ထောင်စုပွဲကိုလည်းကောင်း အသီးသီးဟောပြောကြသည်။ ထို့နောက် ဦးဌေးအောင်နှင့် ဦးကံလှတို့က ကျောင်းစာကြည့်တိုက်အတွက် စာအုပ်များလှူဒါန်းရာ ကျောင်းအုပ် ဆရာမကြီး ဒေါ်ခင်စမ်းတင့်က လက်ခံရယူပြီး ကျေးဇူးတင်စကား ပြန်လည်ပြောကြားသည်။
အခမ်းအနားသို့ မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ မြို့နယ်ဦးစီးအရာရှိ ဒေါ်စံပယ်နှင့် ဝန်ထမ်းများ၊ မြို့နယ်စာရေး ဆရာအသင်းနာယက ဦးလှဘော်၊ ဦးကံလှ၊ အသင်းဥက္ကဋ္ဌ ဦးထွဏ်းလှအောင်နှင့် စာရေးဆရာများ ကျောင်းအုပ်ဆရာမကြီး ဒေါ်ခင်စမ်းတင့်နှင့် ဆရာ/ဆရာမများ၊ ကျောင်းအကျိုးတော်ဆောင်ဥက္ကဋ္ဌ ဦးဌေးကြွယ်နှင့် အဖွဲ့ဝင်များ၊ ကျောင်းသား/သူများ တက်ရောက်ကြကြောင်း သတင်းရရှိပါသည်။
မြင့်မော်ထွန်း