မာန်အောင်မြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး နှစ်ကြိမ်ထိုးနှံပြီးသော ဌာနဆိုင်ရာဝန်ထမ်းများအား ထပ်ဆောင်းကာကွယ်ဆေး Booster Dose စတင်ထိုးနှံပေး

မာန်အောင်   ဖေဖော်ဝါရီ    ၈

ရခိုင်ပြည်နယ် မာန်အောင်မြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး Covid Shield နှစ်ကြိမ်ထိုးနှံထားပြီးသော ဌာနဆိုင်ရာ ဝန်ထမ်းများအား ထပ်ဆောင်းကာကွယ်ဆေး Booster Dose ထိုးနှံပေးခြင်းကို ယမန်နေ့ နံနက် ၁၀ နာရီမှ ညနေ ၃ နာရီထိ မြို့နယ်ပြည်သူ့ ဆေးရုံတွင် စတင်ထိုးနှံပေးလျက်ရှိကြောင်းသိရသည်။

ထိုသို့ ကာကွယ်ဆေးထိုးနှံခြင်းကို မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့မှ ကြီးကြပ်မှုဖြင့် မြို့နယ် ဆရာဝန်ကြီး ဒေါက်တာစောမင်း ဦးဆောင်သော ကျန်းမာရေးဝန်ထမ်းမျာက ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး Booster ကို ကျန်းမာရေးဝန်ကြီးဌာန၏ သတ်မှတ်စည်းကမ်းချက်များနှင့်အညီ ဆေးမထိုးမီ အပူချိန်တိုင်တာခြင်း၊ သွေးပေါင်ချိန်တိုင်းခြင်း၊ သွေးတွင်းအောက်ဆီဂျင် တိုင်းတာခြင်းများ စသည့် ကျန်းမာရေးစစ်ဆေးမှုများ ဆောင်ရွက်ပြီး ကာကွယ်ဆေးထိုးနှံပြီးသူများကို မိနစ် ၃၀ ခန့် စောင့်ကြည့်ကာ ကာကွယ်ဆေးထိုးနှံပေးလျက်ရှိသည်။

မာန်အောင်မြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး Covid Shield နှစ်ကြိမ်ထိုးနှံပြီးသူ ဌာနဆိုင်ရာဝန်ထမ်းများအား ထပ်ဆောင်း ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး Booster Dose ကို မြို့နယ်ပြည်သူ့ဆေးရုံ၌ ဖေဖော်ဝါရီ ၇ ရက်နေ့မှ ၉ ရက်နေ့ထိ ၃ ရက်ကြာ ထိုးနှံပေးသွားမည် ဖြစ်ကြောင်း မြို့နယ်ကျန်းမာရေးဦးစီးဌာနမှ သိရသည်။

သိန်းဖေ(ပြန်/ဆက်)