တာမွေမြို့နယ်အတွင်းရှိ ပြည်သူခြောက်သောင်းကျော်အား ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေးများ အကြိမ်ပြည့် ထိုးနှံပေးနိုင်ခဲ့ပြီးဖြစ်

ရန်ကုန်     ဖေဖော်ဝါရီ     ၇

ရန်ကုန်တိုင်းဒေသကြီး၊ ရန်ကုန်အရှေ့ပိုင်းခရိုင်၊ တာမွေမြို့နယ်အတွင်း ကိုဗစ်-၁၉ ရောဂါ ကူးစက်ပြန့်ပွားမှုကို တားဆီးနိုင်စေရန် ရည်ရွယ်၍ ယနေ့နံနက်ပိုင်းအချိန်က မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့၏ ဦးဆောင်မှုဖြင့် မြို့နယ် ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ ဝန်ထမ်းများက တာမွေမြို့နယ်ရှိ အလုပ်သမားဆေးရုံကြီး(ရန်ကုန်)တွင် မြို့နယ်အတွင်းရှိ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးထိုးရန် ကျန်ရှိနေသေးသည့်သူများအား လူတစ်ဦးလျှင် နှစ်ကြိမ်နှုန်းဖြင့် ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေးများကို ကျန်းမာရေးဝန်ကြီးဌာနက ထုတ်ပြန်ထားသည့် ကိုဗစ်-၁၉ ရောဂါ ကြိုတင်ကာကွယ်ရေး လမ်းညွှန်ချက်များနှင့်အညီ ဆက်လက်ထိုးနှံပေးလျက်ရှိရာ မြို့နယ်အတွင်းရှိ ပြည်သူ (၆၈၆၀၄)ဦးကို ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးအကြိမ်ပြည့် ထိုးနှံပေးနိုင်ခဲ့ပြီးဖြစ်ကြောင်း မြို့နယ်ကိုဗစ်-၁၉ ရောဂါ ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေးလုပ်ငန်းကော်မတီမှ သိရသည်။

အဆိုပါ ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေးများကို ထိုးနှံပေးရာတွင် လူစုလူဝေး မဖြစ်ပေါ်စေရေးနှင့် လာရောက်ထိုးနှံသူများအနေဖြင့် အဆင်ပြေချောမွေ့စွာ ထိုးနှံနိုင်စေရေးအတွက် မြို့နယ်ကိုဗစ်-၁၉ ရောဂါထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေး လုပ်ငန်းကော်မတီ ဝင်များ၊ လုံခြုံရေးတပ်ဖွဲ့ဝင်များ၊ ယာဉ်ထိန်းတပ်ဖွဲ့ဝင်များ၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးများ၊ မြို့နယ်အရန်မီးသတ်တပ်ဖွဲ့ဝင်များ၊ မြို့နယ်ကြက်ခြနီအသင်း တပ်ဖွဲ့ဝင်များ၊ မြို့နယ်အတွင်းရှိ လူမှုကူညီရေးပရဟိတ အသင်းဝင်များနှင့် ရပ်မိရပ်ဖများက ကိုယ်အပူချိန် တိုင်းတာပေးခြင်း၊ လက်ကို စနစ်တကျ ဆေးကြောစေခြင်းနှင့် တစ်ဦးနှင့် တစ်ဦး (၆)ပေအကွာမှ တန်းစီးစောင့်ဆိုင်းစေခြင်းအပါအဝင် လိုအပ်သည်များကို ဝိုင်းဝန်းပူးပေါင်း ကူညီဆောင်ရွက်ပေးခဲ့ကြကြောင်း သိရသည်။

ရန်ကုန်တိုင်းဒေသကြီး၊ ရန်ကုန်အရှေ့ပိုင်းခရိုင်၊ တာမွေမြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေးများကို  ၂၀၂၁ ခုနှစ်၊ ဩဂုတ်လ (၂)ရက်နေ့မှစတင်၍ ထိုးနှံပေးလျက်ရှိရာ ယနေ့အထိ တာမွေမြို့နယ်အတွင်းရှိ ပြည်သူ (၇၄၃၅၆)ဦးကို (ပထမအကြိမ်)အဖြစ် ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေးများ ထိုးနှံပေးနိုင်ခဲ့ပြီး မြို့နယ်အတွင်း ကာကွယ်ဆေး အကြိမ်ပြည့် ထိုးနှံပြီးစီးသူ (၆၈၆၀၄)ဦးအထိ ရှိကြောင်းနှင့် ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး ထိုးနှံရန် ကျန်ရှိနေသေးသူများကိုလည်း နေ့စဉ်နံနက် (၉)နာရီမှ မွန်းလွဲ (၂)နာရီအထိ ဆက်လက်ထိုးနှံပေးလျက်ရှိကြောင်း မြို့နယ်ကိုဗစ်-၁၉ ရောဂါထိန်းချုပ်ရေးနှင့် အရေးပေါ် တုံ့ပြန်ရေးလုပ်ငန်းကော်မတီမှ သတင်းရရှိပါသည်။

နိုင်လင်းအောင်