မိုင်းရယ်၌ (၇၅)နှစ်မြောက် စိန်ရတု ရှမ်းပြည်နယ်နေ့ အခမ်းအနားကျင်းပ

မိုင်းရယ် ဖေဖော်ဝါရီ ၇

ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ မိုင်းရယ်မြို့တွင် (၇၅)နှစ်မြောက် စိန်ရတု ရှမ်းပြည်နယ်နေ့ အခမ်း အနားကို ယနေ့နံနက် ၇ နာရီက မိုင်းရယ်မြို့ နမ့်ရယ်ခမ်းမ၌ ကျင်းပသည်။

အခမ်းအနားတွင် တက်ရောက်လာသည့် မိုင်းရယ်မြို့ အမှတ်(၃)လှုပ်ရှားစစ်ဗျူဟာမှူး၊ မြို့နယ်အဆင့် ဌာနဆိုင်ရာများ၊ တပ်ရင်းတပ်ဖွဲ့များ၊ ရှမ်းစာပေနှင့်ယဉ်ကျေးမှုအဖွဲ့များနှင့် မြို့မိ၊ မြို့ဖများက ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အလံအား အလေးပြုခြင်း၊ ကျဆုံးလေပြီးသော ခေါင်းဆောင်ကြီး များအား အလေးပြုခြင်းများ ပြုလုပ်သည်။

ထို့နောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဉက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင် လှိုင်ထံမှ ပေးပို့သည့်(၇၅)နှစ်မြောက် စိန်ရတု ရှမ်းပြည်နယ်နေ့ အခမ်းအနားသို့ ပေးပို့သည့် သဝဏ်လွှာအား မြို့နယ်အုပ်ချုပ်ရေးမှူး ဦးစိုးမင်းအောင်က လည်းကောင်း၊ ရှမ်းပြည်နယ်အစိုးရအဖွဲ့၊ ပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာကျော်ထွန်းထံမှ ပေးပို့သည့် သဝဏ်လွှာအား လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန၊ မြို့နယ်ဦးစီးမှူး ဦးစိုးသိန်း ကလည်းကောင်း အသီးသီးဖတ်ကြားခဲ့ကြပြီး ရှမ်းပြည်နယ်နေ့ ဖြစ်ပေါ်လာပုံ သမိုင်းကြောင်းအား  မိုင်းရယ်မြို့၊ ရှမ်းစာပေနှင့် ယဉ်ကျေးမှုအဖွဲ့၊ ဒုတိယဉက္ကဋ္ဌ ဦးစိုင်းရွက်တိုင်းဦးက ရှင်းလင်းပြောကြားသည်။

ဆက်လက်၍ ရှမ်းတိုင်းရင်းသားအဖွဲ့မှ ရိုးရာအကဖြင့် ကပြဖျော်ဖြေခဲ့ပြီး အမှတ်(၃)လှုပ်ရှား ဗျူဟာမှူးနှင့် မြို့နယ်စီမံအုပ်ချုပ်ရေးကောင်စီ ဉက္ကဋ္ဌတို့က ဆုငွေများကို ပေးအပ်ချီးမြှင့်ခဲ့ကြောင်း သတင်းရရှိသည်။

ကျော်ဇင်ထိုက်