သီပေါမြို့နယ်တွင်(၇၅)နှစ်မြောက်စိန်ရတုပြည်ထောင်စုနေ့အထိမ်းအမှတ် ဟောပြောပွဲ၊ စာစီစာကုံးနှင့် ကျပန်းစကားပြောပြိုင်ပွဲများ ပြုလုပ်ဆောင်ရွက်

သီပေါ ဖေဖော်ဝါရီ ၇

ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ ကျောက်မဲခရိုင်၊ သီပေါမြို့နယ် အမှတ်(၁)၊ အခြေခံပညာ အထက်တန်းကျောင်း၊ မြညီလာခန်းမတွင် (၇၅)နှစ်မြောက် စိန်ရတုပြည်ထောင်စုနေ့အထိမ်းအမှတ် ဟောပြောပွဲ၊ စာစီစာကုံးနှင့် ကျပန်းစကားပြောပြိုင်ပွဲများကို ယနေ့နံနက် (၉)နာရီအချိန်က ပြုလုပ်ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

ရှေးဦးစွာ အလယ်တန်းကျောင်းသား၊ ကျောင်းသူများက စုပေါင်းညီညာအောင်ကြောင်းဖြာသီချင်း သီဆိုဖွင့်လှစ်ခဲ့ပြီး ကျောင်းအုပ်ဆရာကြီး ဦးဝင်းဗိုက ကျောင်းသား၊ ကျောင်းသူများ ပြည်ထောင်စုနေ့ ဖြစ်ပေါ်လာပုံ သမိုင်းကြောင်းကို သိရှိစေရန်၊ အပြောစွမ်းရည်၊ ဉာဏစွမ်းရည်ဖွံ့ဖြိုးတိုးတက်စေရန်နှင့် ဘက်စုံထူးချွန်သောကျောင်းသား၊ ကျောင်းသူများ ပေါ်ထွန်းလာစေရန်ရည်ရွယ်၍ ဟောပြောပွဲများ၊ ပြိုင်ပွဲများ ပြုလုပ်ဆောင်ရွက်ရခြင်း ဖြစ်ကြောင်းပြောကြားခဲ့သည်။ ဆက်လက်၍ အလယ်တန်းပြ ဆရာမဒေါ်နုနုလွင်က ပြည်ထောင်စုနေ့ ဖြစ်ပေါ်လာပုံသမိုင်းကြောင်း၊ သမိုင်းဝင်ပင်လုံစာချုပ်နှင့် ပတ်သက်သော အကြောင်းအရာများကို  ဟောပြောခဲ့ကြောင်း သိရသည်။

ဆက်လက်၍ စာစီစာကုံးပြိုင်ပွဲနှင့် ကျပန်းစကားပြောပြိုင်ပွဲများ ပြုလုပ်ဆောင်ရွက်ရာ စာစီစာကုံးပြိုင်ပွဲတွင် အထက်တန်းအဆင့်နှင့် အလယ်တန်းအဆင့် ကျောင်းသား၊ ကျောင်းသူ(၁၀)ဦးက “ပြည်ထောင်စုနေ့ တို့မမေ့” ခေါင်းစဉ်ဖြင့် လည်းကောင်း၊ ကျပန်းစကားပြောပြိုင်ပွဲတွင် အထက်တန်း အဆင့် ကျောင်းသား၊ ကျောင်းသူ(၅)ဦးက “တိုင်းရင်းသားစည်းလုံးညီညွတ်မှု ပင်လုံစာချုပ်အခြေပြု” ခေါင်းစဉ်ဖြင့် လည်းကောင်း အသီးသီးပါဝင်ယှဉ်ပြိုင်ခဲ့ကြကြောင်း သိရသည်။

ခင်လေး (သီပေါ၊ ပြန်/ဆက်)