ဟိုပန် ဖေဖော်ဝါရီ ၇
၂၀၂၂ ခုနစ်၊ ဖေဖော်ဝါရီလ ၇ ရက်နေ့တွင် ကျရောက်သည့် (၇၅)နှစ်မြောက် စိန်ရတု ရှမ်းပြည်နယ်နေ့ အခမ်းအနားကို “ဝ” ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရတိုင်း၊ ဟိုပန်ခရိုင်၊ ဟိုပန်မြို့၊ ဝဏ္ဏကျော်ထင်စဝ်ခွန်ဆမ်ခန်းမတွင် ယနေ့နံနက် ၁၀ နာရီအချိန်က ပြုလုပ်ခဲ့သည်။
ရှေးဦးစွာ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ၊ နိုင်ငံတော်ဝန်ကြီးချုပ်၊ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ထံမှ ပေးပို့လာသော (၇၅)နှစ်မြောက် စိန်ရတုရှမ်းပြည်နယ်နေ့ သဝဏ်လွှာကို “ဝ”ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရတိုင်း စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးညီနပ်က ဖတ်ကြားခဲ့သည်။
ဆက်လက်၍ ရှမ်းပြည်နယ်အစိုးရအဖွဲ့၊ ပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာ ကျော်ထွန်းထံမှ ပေးပို့လာသည့်(၇၅)နှစ်မြောက် စိန်ရတုရှမ်းပြည်နယ်နေ့ သဝဏ်လွှာကို ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးကျော်စိုးတင့်က ဖတ်ကြားခဲ့ပြီး အခမ်းအနား ရုပ်သိမ်းကာ တိုင်းရင်းသား ယဉ်ကျေးမှု အဖွဲ့များနှင့် အမှတ်တရ စုပေါင်းဓာတ်ပုံ ရိုက်ကူးခဲ့ကြသည်။
အဆိုပါ ရှမ်းပြည်နယ်နေ့ အခမ်းအနားကို “ဝ”ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရတိုင်း စီမံအုပ်ချုပ်ရေး အဖွဲ့ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ ခရိုင်/မြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ တိုင်း/ခရိုင်/မြို့နယ် ဌာနဆိုင်ရာများ၊ တိုင်းရင်းသား ယဉ်ကျေးမှုအဖွဲ့များ၊ လူမှုရေးအသင်းအဖွဲ့များ တက်ရောက်ခဲ့ကြကြောင်း သိရသည်။
ခရိုင် (ပြန်/ဆက်)