တာချီလိတ်မြို့၌ (၇၅)နှစ်မြောက် စိန်ရတုရှမ်းပြည်နယ်နေ့ အခမ်းအနားကျင်းပ

တာချီလိတ်  ဖေဖော်ဝါရီ  ၇

ရှမ်းပြည်နယ်(အရှေ့ပိုင်း) တာချီလိတ်မြို့၌ (၇၅)နှစ်မြောက် စိန်ရတု ရှမ်းပြည်နယ်နေ့ အခမ်းအနားကို ယနေ့ နံနက် ၉ နာရီက ရန်အောင်မြေရပ်ကွက်ရှိ တာ့ဟွာခန်းမတွင် ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

အခမ်းအနားတွင် (၇၅)နှစ်မြောက် စိန်ရတုရှမ်းပြည်နယ်နေ့ အခမ်းအနားသို့ ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော်၊ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ၊ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ထံမှ ပေးပို့သည့် သဝဏ်လွှာအား ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးမြင့်နိုင်က ဖတ်ကြားပြီး ရှမ်းပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာကျော်ထွန်းထံမှ ပေးပို့သည့် သဝဏ်လွှာအား မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးတင်ဦးကျော်က ဖတ်ကြားသည်။

ဆက်လက်ပြီး (၇၅)နှစ်မြောက် စိန်ရတုရှမ်းပြည်နယ်နေ့ကို ကြို့ဆိုဂုဏ်ပြုသောအားဖြင့် ရှမ်းတိုင်းရင်းသား ယဉ်ကျေးမှုအဖွဲ့၊ လားဟူတိုင်းရင်းသား ယဉ်ကျေးမှုအဖွဲ့၊ အာခါတိုင်းရင်းသား ယဉ်ကျေးမှုအဖွဲ့နှင့် ဗမာတိုင်းရင်းသား ယဉ်ကျေးမှုအဖွဲ့တို့က ရိုးရာအဆိုအကများဖြင့် ဖျော်ဖြေရာ နယ်မြေခံတပ်နယ်မှ ဗိုလ်မှူးကြီး မင်းမင်းထွန်း၊ ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးမြင့်နိုင်နှင့် တာချီလိတ်မြို့ကုန်သည်ကြီးများအသင်းမှ တာဝန်ရှိသူတို့က ဂုဏ်ဆုငွေများ ပြန်လည်ပေးအပ် ချီးမြှင့်ပြီး စုပေါင်းမှတ်တမ်းတင် ဓာတ်ပုံရိုက်ကူးခဲ့သည်။

အခမ်းအနားအပြီးတွင် ရှမ်းတိုင်းရင်းသားစာပေနှင့် ယဉ်ကျေးမှုအဖွဲ့က အခမ်းအနား တက်ရောက် လာကြသည့် ခရိုင်နှင့် မြို့နယ်ဌာနဆိုင်ရာတာဝန်ရှိသူများ၊ တိုင်းရင်းသားစာပေနှင့် ယဉ်မှုအဖွဲ့ဝင် များ၊ လူမှုရေးအသင်းအဖွဲ့ဝင်များနှင့် ရပ်ကွက်နှင့် ကျေးရွာအုပ်ချုပ်ရေးမှူးများအား ရှမ်းရိုးရာအစား အစာများဖြင့် တည်ခင်းဧည့်ခံခဲ့ကြောင်း သိရသည်။

ယာဆေး(ပြန်/ဆက်)