ကျေးသီး ဖေဖော်ဝါရီ ၇
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ လွိုင်လင်ခရိုင်၊ ကျေးသီးမြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာနမှ ၂၀၂၁-၂၀၂၂ (၆)လတာ ဘဏ္ဍာရေးနှစ်ကာလ အတွင်းပြည်နယ် ခွင့်ပြုရန်ပုံငွေဖြင့် ထပ်တိုးအကောင်အထည်ဖော်ဆောင်ရွက်မည့် ကျေးရွာဖွံ့ဖြိုးတိုးတက်ရေး လုပ်ငန်းစီမံကိန်း(VDP) မိတ်ဆက်ရှင်းလင်းခြင်း နှင့် ကော်မတီဖွဲ့စည်းခြင်းကို ဝမ်နားကျေးရွာနှင့် ကုန်းမိုက်ဟုန်းကျေးရွာတို့တွင် ယနေ့နံနက်(၉)နာရီက အဆိုပါ ကျေးရွာများ၌ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရ သည်။
ရှေးဦးစွာ ကျေးသီးမြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး ဦးအေးနိုင်ကကျေးရွာဖွံ့ဖြိုးတိုးတက်ရေး လုပ်ငန်းစီမံကိန်း ဆောင်ရွက် ရခြင်း၏ ရည်ရွယ်ချက်များနှင့် လုပ်ငန်းစဉ်များကို ရှင်းလင်းပြောကြားပြီး စီမံကိန်းတာဝန်ခံနှင့် ဝန်ထမ်းများက ကော်မတီဖွဲ့စည်းရာတွင် လိုက်နာရမည့် စည်းကမ်းသတ်မှတ်ချက်များ၊ ကျေးရွာမှ ဆောင်ရွက်ရမည့်လုပ်ငန်းစဉ်များနှင့် စပ်လျဉ်း၍ ကဏ္ဍအလိုက် ရှမ်း-မြန်မာနှစ်ဘာသာဖြင့် ရှင်းလင်း ပြောကြားကာ တက်ရောက်လာကြ သော ရွာသူ၊ ရွာသားများကကျေးရွာဖွံ့ဖြိုးရေး ကော်မတီဝင်များကို အများသဘောဆန္ဒနှင့်အညီ မဲပေးရွေးချယ်ဖွဲ့စည်းခဲ့ကြောင်း သိရသည်။
ဝမ်နားကျေးရွာတွင် ကျေးရွာတွင်း တံတားတည်ဆောက်ခြင်းလုပ်ငန်းနှင့် ကုန်းမိုက်ဟုန်းကျေးရွာတွင် ရွာတွင်းကွန်ကရစ်လမ်းခင်းခြင်း လုပ်ငန်းတို့ကို ကျေးရွာ ဖွံ့ဖြိုးတိုးတက်ရေး လုပ်ငန်းစီမံကိန်းပံ့ပိုးရန်ပုံငွေ ကျပ်သိန်း(၂၀၀)၊ ကျေးရွာပြည်သူလူထု၏ လုပ်အားများ၊ ဦးစီးဌာနဝန်ထမ်းများ၏ နည်းပညာပံ့ပိုးမှု၊ အနီးကပ် ကြီးကြပ်မှုတို့ဖြင့် ရွာသူ၊ ရွာသားများ ကိုယ်တိုင်ဦးဆောင်၍ အကောင်အထည်ဖော် ဆောင်ရွက်သွားမည်ဖြစ်ကြောင်း မြို့နယ်ဦးစီးမှူး ဦးအေးနိုင်ထံမှ သိရသည်။
နန်းမွမ်းဆိုင်(ကျေးသီး)