မြစ်သား ဖေဖော်ဝါရီ ၇
မန္တလေးတိုင်းဒေသကြီး၊ မြစ်သားမြို့နယ်တွင်(အ႒မအကြိမ်)မြောက်မြို့နယ်သံဃနာယက အဖွဲ့ အနားယူခြင်း၊အစားထိုးရွေးချယ်ဖွဲ့စည်းခြင်းဆိုင်ရာ မြို့နယ်သံဃာ့ဝန်ဆောင် အစည်းအဝေးအခမ်းအနားကို ယနေ့နံနက်(၉)နာရီ အချိန်က မင်းကုန်းရပ်ကွက်ရှိ မင်းကုန်းကျောင်းတိုက် ပုညမဟာပဌာန်းဓမ္မာရုံ၌ ကျင်းပခဲ့ရာ မြို့ပေါ်ရပ်ကွက်နှင့် ကျေးရွာများရှိ ကျောင်းတိုက်များမှ သံဃာတော်(၁၂၃)ပါးကြွရောက်၍ မဲပေးရွေး ချယ်ပေးခဲ့ကြကြောင်း သိရသည်။
အဆိုပါ မြို့နယ်သံဃာ့ဝန်ဆောင်အစည်းအဝေးတွင် သဘာပတိဆရာတော် (မန္တလေးတိုင်းဒေသကြီး သံဃနာယကအဖွဲ့-အကျိုးတော်ဆောင်)ရတနာသိင်္ဂီဒိုက်ဦးကျောင်း မိုးကောင်းတိုက် ဆရာတော် ဦးဇောတိ ကာဘိဝံသကအဖွင့်သြဝါဒကထာမြွက်ကြားပြီး မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဌ ဦးအေးခိုင်က သာသနာ ရေးဆိုင်ရာများကို လျောက်ထားခဲ့သည်။ ထို့နောက် အခမ်းအနားမှူးဆရာတော်က အနားယူခြင်းဆိုင်ရာ လုပ်ငန်းစီမံချက်အရ အနားယူသောဆရာတော်များ၏ ဘွဲ့အမည်များကို ကြေညာ၍ အစားထိုး ရွေးချယ် မည့်ဆရာတော်(၁၃)ပါး၏ ဘွဲ့အမည်များကို သံဃာ့ဆန္ဒရယူ၍ ရွေးချယ်အတည်ပြုခဲ့ကြောင်း သိရသည်။
မြို့နယ်သံဃာ့နာယကအဖွဲ့ ပြန်လည်ရွေးချယ်ခြင်းဆိုင်ရာ သံဃာ့ဝန်ဆောင်အစည်းအဝေးသို့ မြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဌဦးအေးခိုင်နှင့်အဖွဲ့ဝင်များ၊ ခရိုင်သာသနာရေးမှူး ဦးကျော်ကျော်ဦး နှင့် ဌာနဆိုင်ရာ တာဝန်ရှိသူများ တက်ရောက်ခဲ့ကြောင်းသိရသည်။
မြမြမွန်(မြစ်သား)