တံတားဦး ဖေဖော်ဝါရီ ၇
၂၀၂၂-ခုနှစ် ဖေဖော်ဝါရီလ (၁၂)ရက်နေ့တွင် ကျရောက်မည့် (၇၅)နှစ်မြောက် စိန်ရတုပြည်ထောင်စုနေ့ ကြိုဆိုဂုဏ်ပြုသောအားဖြင့် ကျောက်ဆည်ခရိုင် တံတားဦးမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် အခြေခံပညာဦးစီးဌာနတို့ ပူးပေါင်းပြီး အထက်တန်းအဆင့် စာစီစာကုံးပြိုင်ပွဲကို ယနေ့နံနက်(၉)နာရီက မြို့နယ်ပြည်သူ့စာကြည့်တိုက် Community Centre ခန်းမ၌ ကျင်းပကြောင်း သိရသည်။
အထက်တန်းအဆင့် စာစီစာကုံးပြိုင်ပွဲတွင် တံတားဦးမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး ဦးဘိုမောင်က အထက်တန်းအဆင့် စာစီစာကုံးပြိုင်ပွဲကျင်းပရခြင်း၏ ရည်ရွယ်ချက်များ ရှင်းလင်းပြောကြားရာတွင် ကျောင်းသား၊ ကျောင်းသူများအနေဖြင့် အစုအဖွဲ့များနှင့် ပူးပေါင်းတက်စေရန်၊ အသိဉာဏ်ပညာဖွံ့ဖြိုးပြီး ထူးချွန်ထက်မြက်သည့် လူငယ်လူရွယ်လေးများ ပေါ်လာထွန်းလာစေရေး၊ စာဖတ်ရှိန်မြှင့်တင်ရေးတို့ကို အထောက်အကူပြုစေရန်ပြောကြားပြီး မြို့နယ် စာအုပ်စာစောင်ချစ်မြတ်နိုးသူများအသင်း၊ အသင်းဝင်စာရေးဆရာကိုခန့်(တံတားဦး)က အမှတ်ပေးစည်းမျဉ်းများနှင့် အမှတ်ပေးရခြင်းရည်ရွယ်ချက်များကို ရှင်းလင်းပြောကြားပြီး အခြေခံပညာဦးစီးဌာနမှ ကျောင်းသား၊ ကျောင်းသူများက “ ပြည်ထောင်စုအမွေထိန်းစို့လေ “ ခေါင်းစဉ်ဖြင့် ပါဝင်ယှဉ်ပြိုင်ကြသည်။
စာစီစာကုံးပြိုင်ပွဲတွင် ဆုရရှိသော ကျောင်းသား၊ ကျောင်းသူများကို တံတားဦးမြို့နယ် ခင်လူးလေးကျေးရွာ ဦးဆန်းမင်း + ဒေါ်သန်းသန်းအေး မိသားတို့က ကူညီပံ့ပိုးပေးကြောင်း၊ ဆုရရှိသူများကို ယနေ့မွန်းလွဲပိုင်းတွင် ဆက်လက်၍ ဆုများအသီးသီးချီးမြှင့်မည်ဖြစ်ကြောင်းနှင့် ပြိုင်ပွဲတွင် အထက်တန်းအဆင့် ကျောင်းသား၊ ကျောင်းသူ (၁၁)ဦး ပါဝင်ယှဉ်ပြိုင်ကြကြောင်း သိရသည်။
ရဲတင့်