မိုးနဲ ဖေဖော်ဝါရီ ၇
ရှမ်းပြည်နယ်(တောင်ပိုင်း) လင်းခေးခရိုင်၊ မိုးနဲမြို့နယ်အတွင်း လူမှုဘဝပြည့်စုံဖို့ နိုင်ငံသားကတ် ကိုင်ကြစို့ ဆောင်ပုဒ်နှင့်အညီ မြို့နယ်အတွင်း နေထိုင်ကြသည့် မိဘပြည်သူများအနေဖြင့် နိုင်ငံသားကတ်ပြုလုပ်ရာတွင်လိုအပ်သည့် အချက်များ သိရှိစေရန် မြို့နယ် လ.ဝ.က ဦးစီးမှူးနှင့် ဝန်ထမ်းများက ယနေ့နံနက် ၁၀ နာရီအချိန်တွင် မြို့နယ်ကမ္ဘောဇခန်းမတွင် ကျင်းပပြုလုပ်သည့် ရှမ်းပြည်နယ်နေ့ သဝဏ်လွှာဖတ်ပွဲသို့ လာရောက်ကြသူများကို ပန်းခင်းစီမံချက် လက်ကမ်းစာစောင်များ ဖြန့်ဝေပေးခဲ့ကြကြောင်း သိရသည်။
အဆိုပါ ပန်းခင်း စီမံချက် လက်ကမ်းစာဆောင်တွင် နိုင်ငံသားစိစစ်ရေး ကတ်ပြားလျှောက်ထားရန်အတွက် ပြည်သူများမှ ကူညီပေးရမည့်ကိစ္စရပ်များ၊ အိမ်ထောင်စုစာရင်း မရှိသူများ နိုင်ငံသားကတ် မရှိသူများ အနေဖြင့် သက်ဆိုင်ရာ ကျေးရွာ/ရပ်ကွက် အုပ်ချုပ်ရေးမှူးရုံးမှ စာရင်းလာကောက်သည့်အခါ မှန်မှန်ကန်ကန် စာရင်းပေးသွင်းခြင်းဖြင့် အချိန်တိုအတွင်း အိမ်ထောင်စုစာရင်း/ နိုင်ငံသားကတ် ရရှိနိုင်ကြောင်း၊ ပန်းခင်းစီမံချက်၏ အဓိပ္ပာယ်၊ မေးမြန်းစုံစမ်းရန် ဖုန်းနံပါတ်များ၊ လျှောက်လွှာများကို အခမဲ့ တောင်းခံနိုင်ကြောင်း၊ ရပ်ကွက်/ကျေးရွာအတွင်း မှတ်ပုံတင်(နိုင်ငံသားကတ်) ပြုလုပ်ရန် စာရင်းပေးသွင်းထားသူ (၂၀) ဦးနှင့်အထက်ရှိပါက ရပ်/ကျေး အုပ်ချုပ်ရေးမှူးများနှင့် ညှိနှိုင်း၍ ကွင်းဆင်း ဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း၊ လူတိုင်းမှတ်ပုံတင် ကိုင်ဆောင်နိုင်ရေးအတွက် ဌာနဆိုင်ရာများ၊ အဖွဲ့အစည်းများ၊ လူမှုရေး အသင်းများက ကူညီပေးရန်လိုကြောင်း အစရှိသည့် ပန်းခင်း စီမံချက် လက်ကမ်းစာစောင်များကို ဖြန့်ဝေပေးခဲ့ကြသည်။
ဇင်ကိုကို