စာပြန်ပွဲအသီးသီး၌ ထူးချွန်စွာအောင်မြင်ခဲ့ကြသည့် သာသနာ့ပါလသဟပုညကာရီအဖွဲ့ ဓမ္မာစရိယ စာဝါသင်တန်းမှ သံဃာတော်နှင့် သီလရှင်များအား ဂုဏ်ပြုဆုနှင်းသဘင် ကျင်းပ

သထုံ     ဖေဖော်ဝါရီ       ၇

 

မွန်ပြည်နယ်၊ သထုံမြို့နယ်တွင် ဂိုဏ်းပေါင်းစုံ ဆရာတော်ကြီးများ ဦးစီးဖွင့်လှစ်ခဲ့သည့် သာသနာ့ပါလသဟပုညကာရီအဖွဲ့၏ (၁၄)ကြိမ်မြောက် ဓမ္မာစရိယစာဝါသင်တန်းမှ သာသနာ့ပါလ ဓမ္မာစရိယနှင့် အစိုးရ ဓမ္မာစရိယ စာမေးပွဲတို့တွင်  ထူးချွန်စွာအောင်မြင်ခဲ့ကြသော သံဃာတော်နှင့် သီလရှင်များတို့အား ဂုဏ်ပြုဆုနှင်းသဘင်အခမ်းအနားကို ယမန်နေ့၊ မွန်းလွဲပိုင်းက ဗူးဘုရားပရိဝုဏ်ရှိ သန္တိသုခ ဓမ္မဗိမာန်တော်၌ ကျင်းပသည်။

ရှေးဦးစွာ နိုင်ငံတော်ဩဝါဒါစရိယ၊ သထုံမြို့ ဓမ္မမေဒနီစာသင်တိုက် ပဓာနနာယက ဆရာတော် အရှင်ဉာဏောသူရိယထံမှ တက်ရောက်လာကြသည့် ဧည့်ပရိတ်သတ်အပေါင်းတို့က သီလ ခံယူဆောက်တည်ကြပြီး၊ သာသနာ့ပါလသဟပုညကာရီအဖွဲ့၏ ဓမ္မာစရိယစာဝါသင်တန်းနှင့် သာသနာရေးဆိုင်ရာဆောင်ရွက်ချက်များကို အဖွဲ့ဝင်တစ်ဦးဖြစ်သူ ဦးစိုးမြင့်က တင်ပြလျှောက် ထားသည်။

ယင်းနောက် ကြွရောက်လာကြသည့် ဆရာတော်ကြီးများက ဩဝါစကားများ မြွက်ကြားပြီး အစိုးရသာသနဓဇဓမ္မာစရိယ ဘွဲ့ရ(၉)ပါး၊ အစိုးရဓမ္မာစရိယ (၂) ကျမ်းစွဲ (၃)ပါးနှင့် (၁) ကျမ်းစွဲ (၅)ပါး၊ သာသနပါလဓမ္မာစရိယ (၂) ကျမ်းစွဲ (၃)ပါးနှင့် (၁) ကျမ်းစွဲ (၃)ပါးတို့အား သာသနာ့ပါလသဟပုညကာရီအဖွဲ့နှင့် တစ်ဦးချင်းအလှူရှင်အသီးသီးတို့က ဂုဏ်ပြုပူဇော်ငွေနှင့် လှူဖွယ်ပစ္စည်းများကို အသီးသီး ဆပ်ကပ်လှူဒါန်းခဲ့ကြ‌ကြောင်း သိရသည်။

 

 

ကိုကိုဦး(ပြန်/ဆက်)