မိုင်းဆတ် ဖေဖော်ဝါရီ ၇
ရှမ်းပြည်နယ်(အရှေ့ပိုင်း) မိုင်းဆတ်မြို့၌ (၇၅)နှစ်မြောက် စိန်ရတုရှမ်းပြည်နယ်နေ့ အခမ်းအနားနှင့် မြို့ကျက်သရေဂုဏ်ဆောင် ရုပ်ထု ဖွင့်ပွဲအခမ်းအနားကို ယနေ့နံနက်ပိုင်းက ဝိန်းဝိုင်ရပ်ကွက်ရှိ ရှမ်းအိုးစည် တီးနေဟန် ရုပ်ထု တြိဂံအဝိုင်းတွင် ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
ရှေးဦးစွာ ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော်အလံအား အလေးပြုကြပြီး နိုင်ငံတော် စီမံအုပ်ချုပ်ရေး ကောင်စီဥက္ကဋ္ဌ၊ နိုင်ငံတော် ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်ထံမှ ပေးပို့သော (၇၅)နှစ်မြောက် စိန်ရတုရှမ်းပြည်နယ်နေ့ သဝဏ်လွှာအား ခရိုင်စီမံအုပ်ချုပ်ရေး အဖွဲ့ဥက္ကဋ္ဌ ဦးအောင်ဟိန်းကျော်က ဖတ်ကြား၍ ရှမ်းပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာကျော်ထွန်းထံမှ ပေးပို့သော(၇၅)နှစ်မြောက် စိန်ရတုရှမ်းပြည်နယ်နေ့ သဝဏ်လွှာအား မြို့နယ်စီမံအုပ်ချုပ်ရေး အဖွဲ့ဥက္ကဋ္ဌ ဦးအားလွန်က ဖတ်ကြားပြီး ရှမ်းပြည်နယ်နေ့ သမိုင်းကြောင်း အား ရှမ်းစာပေနှင့်ယဉ်ကျေးမှု အသင်းဥက္ကဋ္ဌ ဦးစိုင်းအေးမင်း က အကျယ်တဝင့် ဖတ်ကြားရှင်းလင်းခဲ့သည်။
ဆက်လက်၍ ရှမ်းအိုးစည်တီးနေဟန် မြို့ကျက်သရေဂုဏ်ဆောင်ရုပ်ထုဖွင့်ပွဲတွင် နယ်မြေခံတပ်နယ်မှ ဗိုလ်မှူးချုပ်သော်ဇင်ဦး၊ ခရိုင်စီမံ အုပ်ချုပ်ရေး အဖွဲ့ဥက္ကဋ္ဌ ဦးအောင်ဟိန်းကျော်၊ မြို့နယ်စီမံအုပ်ချုပ်ရေး အဖွဲ့ဥက္ကဋ္ဌ ဦးအားလွန်၊ ရှမ်းစာပေနှင့်ယဉ်ကျေးမှု ကော်မတီဥက္ကဋ္ဌ ဦးစိုင်းအေးမင်းနှင့် မြို့မိမြို့ဖ ဦးစိုင်းချစ်သောင်း တို့က ဖဲကြိုးဖြတ်ပေးခဲ့ပြီး ရှမ်းအိုးစည်တီးနေဟန်ရုပ်ထုကို ကြိုဆိုသည့်အနေဖြင့် သိုးနယားအက၊ ကိန္နရီ အကတို့ဖြင့်ကြိုဆိုခဲ့ပြီး မြို့မိမြို့ဖ ဦးစိုင်းချစ်သောင်းက မြို့သာယာလှပရေး နှင့်စပ်လျဉ်း၍ ဂုဏ်ပြုအမှာစကား ပြောကြားခဲ့သည်။
ထို့နောက် ရှမ်းစာပေနှင့်ယဉ်ကျေးမှု ကော်မတီဝင် ဒေါ်နန်းပျှမ်းမွေက ရုပ်ထုဖြစ်မြောက်ရေး အတွက် အလှူငွေများထည့်ဝင် လှူဒါန်းမှုနှင့် ပတ်သက်ပြီး ကျေးဇူးတင်စကား ပြန်လည် ပြောကြားခဲ့သည်။
အဆိုပါ ရှမ်းအိုးစည်တီးနေဟန်ရုပ်ထုအား (၁၅.၇.၂၀၂၁) ခုနှစ်က စတင်ထုလုပ်ခဲ့ပြီး (၃၁.၁၁.၂၀၂၁) ခုနှစ်တွင် ထုလုပ်ပြီးစီးခဲ့ပြီး ငွေကျပ်သိန်း(၉၀)ခန့် ကုန်ကျ၍ ရုပ်ထု ဖြစ်မြောက်ရေးအတွက် ဌာနဆိုင်ရာများ၊ ဒေသခံများက အလှူငွေထည့်ဝင်လှူဒါန်း ခဲ့ခြင်းဖြစ်ကြောင်း ရှမ်းစာပေနှင့်ယဉ်ကျေးမှု ကော်မတီဥက္ကဋ္ဌ ဦးစိုင်းအေးမင်းထံမှ သိရသည်။
မြင့်မောင်(မိုင်းဆတ်)