မိုးနဲ ဖေဖော်ဝါရီ ၇
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ လင်းခေးခရိုင်၊ မိုးနဲမြို့တွင် ၂၀၂၂ခုနှစ်၊ (၇၅)နှစ်မြောက် စိန်ရတု ရှမ်းပြည်နယ် နေ့အခမ်းအနားကို ယနေ့ နံနက် ၈ နာရီအချိန်က မြို့နယ်မ္ဘောဇခန်းမ၌ ကျင်းပရာ ပြည်ထောင်စု သမ္မတမြန်မာနိုင်ငံတော်၊ နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ထံမှပေးပို့သော ၂၀၂၂ ခုနှစ်၊ (၇၅)နှစ်မြောက် စိန်ရတု ရှမ်းပြည်နယ်နေ့ သဝဏ်လွှာအား မိုးနဲမြို့နယ် အထွေထွေ အုပ်ချုပ်ရေး ဦးစီးဌာန၊ အုပ်ချုပ်ရေးမှူး ဦးဝင်းမြင့်က ဖတ်ကြားပြီး ရှမ်းပြည်နယ် အစိုးရအဖွဲ့၊ ပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာကျော်ထွန်းထံမှ ပေးပို့လာသည့် (၇၅)နှစ်မြောက် စိန်ရတု ရှမ်းပြည်နယ်နေ့ သဝဏ်လွှာအား မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ အဖွဲ့ဝင် ဦးငိုဘွယ်က ဖတ်ကြားသည်။
အဆိုပါ အခမ်းအနားသို့ မြို့နယ်စီမံအုပ်ချုပ်ရေး အဖွဲ့ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ မိုးနဲမြို့နယ်တပ်နယ်မှူး၊ ဌာနဆိုင်ရာ အကြီးအကဲများနှင့် ဝန်ထမ်းများ၊ ရပ်ကွက်/ ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူးများ၊ လူမူရေးအသင်းအဖွဲ့များ၊ နိုင်ငံရေးပါတီများ၊ ကျောင်းဆရာ/ဆရာမများနှင့် ကျောင်းသား၊ ကျောင်းသူများ၊ ရှမ်းစာပေ ယဉ်ကျေးမှုအဖွဲ့များ စုစုပေါင်း အင်အား(၁၅၀)ဦးခန့် တက်ရောက်ခဲ့ပြီး တိုင်းရင်းသား ယဉ်ကျေးမှုအဖွဲ့နှင့် မိုးနဲ(အထက) ကျောင်းသား/ကျောင်းသူလေးများက အကပဒေသာများဖြင့် ဖျော်ဖြေ တင်ဆက်ခဲ့ရာ အကပဒေသာ ဖျော်ဖြေတင်ဆက် ခဲ့ကြသော ယဉ်ကျေးမှုအဖွဲ့နှင့် ကျောင်းသား၊ ကျောင်းသူလေးများ အဖွဲ့အား မြို့နယ်စီမံအုပ်ချုပ်ရေး အဖွဲ့ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ မိုးနဲမြို့နယ်တပ်နယ်မှူးနှင့် မြို့နယ်အမျိုးသမီးရေးရာ အဖွဲ့ဥက္ကဋ္ဌတို့က ဂုဏ်ပြုပန်းခြင်းနှင့် ဂုဏ်ပြုဆုများချီးမြင့်ပေးအပ်ခဲ့ကြောင်း သိရသည်။
အဆိုပါအခမ်းအနားတွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေး ဦးစီးဌာနက ထုတ်ဝေသော (၇၅) နှစ်မြောက် စိန်ရတု ပြည်ထောင်စုနေ့ အထိမ်းအမှတ် သတင်းစကား လက်ကမ်းစာစောင်များကို မြို့နယ်ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေး ဦးစီးဌာနမှ ဝန်ထမ်းများက အခမဲ့ဖြန့်ဝေ ပေးခဲ့ကြောင်း သိရသည်။
မျိုးညွန့်ရွှေ (မိုးနဲ)