မောင်တော ဖေဖော်ဝါရီ ၇
ရခိုင်ပြည်နယ်၊ မောင်တောမြို့၌ အသက်(၂)နှစ်အောက် ကလေးများ နှင့် ကိုယ်ဝန်ဆောင် မိခင်များအား ပုံမှန်ကာကွယ်ဆေးထိုးနှံတိုက်ကျွေးခြင်းကို ယနေ့နံနက်ပိုင်းမှစ၍ ရပ်ကွက်ကျေးရွာများရှိ သတ်မှတ်စုရပ်နေရာများနှင့် မိခင်နှင့် ကလေးစောင့်ရှောက်ရေး အသင်းအဖွဲ့ရုံးတို့တွင် ထိုးနှံပေးလျက်ရှိကြောင်း သိရသည်။
အဆိုပါ ပုံမှန်ကာကွယ်ဆေးထိုးနှံ တိုက်ကျွေးခြင်းလုင်ငန်းများဆောင်ရွက်ရာတွင် ကိုဗစ်-၁၉ ရောဂါ ကြိုတင်ကာကွယ်ရန်အတွက် လာရောက်ထိုးနှံသည့် မိခင်နှင့် အသက်(၂)နှစ်အောက်များအား နှာခေါင်းစည်း MASK များ စနစ်တကျတပ်ဆင်စေခြင်းများ ဆောင်ရွက်စေပြီး ကျန်းမာရေး ဝန်ထမ်းများမှ ရပ်ကွက်ကျေးရွာများရှိ ကိုယ်ဝန်ဆောင်မိခင်နှင့် အသက် (၂) နှစ် အောက်ကလေးများအား အဆုတ်ရောဂါကာကွယ်ဆေး၊ ငါးမျိုးစပ်၊ ဆုံဆို့၊ ကြက်ညာ၊ အသည်းရောင်အသားဝါ၊ ဦးနှောက်အမြှေးရောင်၊ နမိုးနီးယားကာကွယ်ဆေး၊ ပိုလီယိုသောက်ဆေးနှင့် ထိုးဆေး၊ မေးခိုင်ရောဂါကာကွယ်ဆေး၊ ဝမ်းရောဂါကာကွယ်ဆေး ထိုးနှံတိုက်ကျွေးခြင်းများကို အလှည့်ကျစနစ်ဖြင့် ပုံမှန်ကာကွယ်ဆေး ထိုးနှံပေးလျက်ရှိကြောင်း သိရသည်။
အဆိုပါ ဆေးထိုးနှံပေးခြင်းများကို မြို့နယ်အတွင်းရှိ အသက် (၂)နှစ်အောက်ကလေးများနှင့် ကိုယ်ဝန်ဆောင်မိခင်များအား ကျန်းမာရေးဝန်ထမ်းဆရာမများကအဖွဲ့များခွဲ၍ မြေပြင်ကွင်းဆင်းကာ ရပ်ကွက်ကျေးရွာများရှိ စုရပ်အသီးသီးတွင် ဖေဖော်ဝါရီ(၇)ရက်နေ့မှစ၍ ပုံမှန်ကာကွယ်ဆေး ထိုးနှံတိုက် ကျွေးခြင်းများကို ဆောင်ရွက်ပေးသွားမည်ဖြစ်ပြီး အပတ်စဉ်တနင်္လာနေ့တိုင်း မိခင်နှင့်ကလေး စောင့်ရှောက်ရေးအသင်းအဖွဲ့ရုံးတွင်လည်း ထိုးနှံပေးလျက်ရှိကြောင်း သိရသည်။
သက်လွင်စိုး(ခရိုင်ပြန်/ဆက်)