မိုင်းခုတ်မြို့၌ ကိုယ်ဝန်ဆောင်မိခင်များနှင့် အသက် ၂ နှစ်အောက် ကလေးငယ်များအား ပုံမှန် ကာကွယ်ဆေးထိုးနှံတိုက်ကျွေး

မိုင်းခုတ် ဖေဖော်ဝါရီ ၇

ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ မိုင်းဆတ်ခရိုင်၊ မိုင်းခုတ်မြို့၌ ကိုယ်ဝန်ဆောင်မိခင်များနှင့် အသက် ၂ နှစ် အောက်ကလေးငယ်များအား ပုံမှန်ကာကွယ်ဆေး ထိုးနှံတိုက်ကျွေးခြင်းကို ယနေ့ နံနက် ၁၀ နာရီမှ စတင်ကာ မြို့ပြည်သူ့ဆေးရုံတွင် ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။

ထိုသို့ဆောင်ရွက်ရာတွင် မိုင်းခုတ်မြို့ ကျန်းမာရေးဦးစီးဌာနမှ အမျိုးသမီးကျန်းမာရေး ဆရာမ ဒေါ်ကေသီထွန်းနှင့် ကျန်းမာရေးဝန်ထမ်းများက ကာကွယ်ဆေး လာရောက်ထိုးနှံသော  ကိုယ်ဝန ဆောင်မိခင်များနှင့် ကလေးငယ်များအား ကာကွယ်ဆေးထိုးနှံတိုက်ကျွေးခြင်းမပြုမီ စာရင်းရေး သွင်းခြင်း၊ ကိုယ်အပူချိန်တိုင်းတာခြင်းနှင့် ကိုယ်အလေးချိန်တိုင်းတာခြင်းတို့ကို ဆောင်ရွက်ပေးပြီး ကျန်းမာရေးဝန်ကြီးဌာနမှ ထုတ်ပြန်ထားသော စည်းကမ်းချက်များနှင့် အညီ စနစ်တကျ ထိုးနှံ၊ တိုက်ကျွေးခဲ့သည်။

အဆိုပါ ပုံမှန်ကာကွယ်ဆေးတွင် ကိုယ်ဝန်ဆောင်မိခင်များအား မေးခိုင်ရောဂါ ကာကွယ်ဆေးနှင့် အသက် ၂ နှစ်အောက် ကလေးငယ်များအား ပြင်းထန်တီဘီရောဂါ ကာကွယ်ဆေး၊ ပြင်းထန် ဝမ်းပျက်၊ ဝမ်းလျှောရောဂါ ကာကွယ်ဆေး၊ ပြင်းထန်အဆုတ်ရောင်ရောဂါ ကာကွယ်ဆေး၊ ဆုံဆို့၊ ကြက်ညှာ၊ မေးခိုင်၊ အသည်း ရောင်အသားဝါဘီ၊ ဦးနှောက်အအမြေးရောင် (ငါးမျိုးစပ် ကာကွယ်ဆေး)၊ ပိုလီယိုအကြောသေရောဂါ ကာကွယ်ဆေး ထိုးဆေးနှင့် သောက်ဆေး၊ ဝက်သက် နှင့် ဂျိုက်သိုးရောဂါ ကာကွယ်ဆေးများ ပါဝင်ကြောင်း မြို့ကျန်းမာရေးဦးစီးဌာနမှ သိရသည်။

ယဉ်ယဉ်ဝင်း(ပြန်/ဆက်)