(၇၅)နှစ်မြောက် စိန်ရတုပြည်ထောင်စုနေ့ကို ကြိုဆိုသောအားဖြင့် တံတားဦးမြို့နယ် ပန်းဆေးချောင်းတံတား ဖွင့်လှစ်

တံတားဦး  ဖေဖော်ဝါရီ  ၇

၂၀၂၂ ခုနှစ်၊ ဖေဖော်ဝါရီလ (၁၂)ရက်နေ့တွင် ကျရောက်မည့် (၇၅)နှစ်မြောက် စိန်ရတုပြည်ထောင်စုနေ့ကို ကြိုဆိုသောအားဖြင့် ကျောက်ဆည်ခရိုင်၊ တံတားဦးမြို့နယ်၊ တံတားဦး-အင်းဝလမ်းပေါ်ရှိ ပန်းဆေးချောင်း တံတားဖွင့်ပွဲအခမ်းအနားကို ယနေ့နံနက် (၉)နာရီက အဆိုပါတံတား၌ ကျင်းပကြောင်းသိရသည်။

တံတားဖွင့်ပွဲအခမ်းအနားတွင် မန္တလေးတိုင်းဒေသကြီး အစိုးရအဖွဲ့ဝန်ကြီးချုပ် ဝဏ္ဏကျော်ထင်ဦးမောင်ကို၊ အလယ်ပိုင်းတိုင်း စစ်ဌာနချုပ် တိုင်းမှူး ဗိုလ်ချုပ် ကိုကိုဦးနှင့် ဆောက်လုပ်ရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးဝင်းဖေတို့မှ ပန်းဆေးချောင်းတံတားအား ဖဲကြိုးဖြတ် ဖွင့်လှစ်ပေးကြသည်။

ဆက်လက်၍ ပန်ဆေးချောင်းတံတားဆိုင်းဘုတ်အား မန္တလေးတိုင်းဒေသကြီး အစိုးရအဖွဲ့ဝန်ကြီးချုပ် ဝဏ္ဏကျော်ထင်ဦးမောင်ကိုမှ စက်ခလုတ်နှိပ် ဖွင့်လှစ်ပေးပြီး တာဝန်ရှိသူများက အမွှေးနံ့သာရည်များဖြင့် ပတ်ဖျန်းပေးပြီး အမှတ်တရ စုပေါင်းဓါတ်ပုံ ရိုက်ကူးကြ ကာ ပန်းဆေးချောင်းတံတားအား ဖြတ်သန်းကြည့်ရှု အားပေးကြသည်။

အဆိုပါတံတားမှာ သံကူကွန်ကရစ် အမျိုးအစားဖြစ်ကြောင်း၊ တံတားအရှည် (၃၀၀)ပေ၊ တံတားအကျယ် (၃၁)ပေ၊ ယာဉ်သွားလမ်း အကျယ် (၂၈)ပေရှိပြီး၊ တံတားတန်ဖိုးငွေ (၁၁၅၀.၀)ကျပ်သန်း ဖြစ်ပြီး။ ကတ္တရာလမ်းအရှည် (၁၆၁၅)ပေဖြစ်ကြောင်းနှင့် အဆိုပါလမ်း အား တံတားအထူးအဖွဲ့(၄)မှ တာဝန်ယူ ဆောက်လုပ်ကြောင်း သိရသည်။

ပန်းချောင်းတံတားဖွင့်အခမ်းအနားသို့ မန္တလေးတိုင်းဒေသကြီး အစိုးရအဖွဲဝန်ကြီးချုပ် ဝဏ္ဏကျော်ထင်ဦးမောင်ကိုနှင့် တာဝန်ရှိသူများ၊ ဆောက်လုပ်ရေးဝန်ကြီးဌာန ဒုတိယဝန်ကြီးဦးဝင်းဖေနှင့် တာဝန်ရှိသူများ၊ ကျောက်ဆည်ခရိုင် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဌနှင့် တာဝန်ရှိသူများ၊ တံတားဦးမြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဌနှင့် မြို့နယ်အဆင့် ဌာနဆိုင်ရာများ တက်ရောက်ကြကြောင်း သိရသည်။ရဲတင့်