သီပေါမြို့နယ်တွင်  အားကစားနှင့်ကျန်းမာရေး အသိပညာပေး ဆွေးနွေးပွဲ Talk Show ပြုလုပ်ဆောင်ရွက်

သီပေါ ဖေဖော်ဝါရီ ၇

ရှမ်းပြည်နယ်(မြောက်ပိုင်း)၊  ကျောင်မဲခရိုင်၊ သီပေါမြို့နယ်ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် မြို့နယ်အားကစားနှင့် ကာယပ ညာဦးစီးဌာနတို့ ပူးပေါင်း၍ အားကစားနှင့်ကျန်းမာရေး အသိပညာပေးဆွေးနွေးပွဲ Talk Show ပြုလုပ်ဆောင်ရွက်ခြင်းကို ယနေ့နံနက်ပိုင်းက ပြန်ကြားရေးနှင့်ပြည်သူ့ ဆက်ဆံရေးဦးစီးဌာန လူထုအခြေပြုဗဟိုဌာန (Community Centre)ခန်းမတွင် ပြုလုပ်ဆောင်ရွက်ခဲ့ကြောင်း သိရ သည်။

ရှေးဦးစွာ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ မြို့နယ်ဦးစီးမှူး ဒေါ်ခင်နီလာစိုးက အသိပညာပေးဆွေးနွေးပွဲများ ပြုလုပ်ဆောင်ရွက်ရခြင်း ရည်ရွယ်ချက်အား ရှင်းလင်းပြောကြားခဲ့ပြီးနောက်  အားကစားနှင့် ကာယပညာဦးစီးဌာန မြို့နယ်အားကစားမှူး ဒေါ်သန်းရွှေမာက အားကစားဟုဆိုရာတွင် နိုင်ငံတကာ အားကစားပြိုင်ပွဲများတွင် အောင်နိုင်ရေးအတွက်သာမက ပိုမိုအရေးကြီးသည့် တစ်မျိုးသားလုံး ကျန်းမာကြံ့ခိုင်ရေးအတွက် ကိုယ်လက်လှုပ်ရှား ဆေးတစ်ပါးအစီအစဉ်များဖြင့် ဆောင်ရွက်လျက်ရှိပါကြောင်း၊ ကျောင်းနေအရွယ်လူငယ်များတွင် ကိုယ်လက်လှုပ်ရှားအားကစား လေ့ကျင့်မှု အလေ့အထကောင်းများ သန္ဓေတည်ဖြစ်ထွန်းလာပါက အဆိုပါအလေ့အထကောင်းများသည် ၎င်းတို့၏ မိသားစုနှင့် ပတ်ဝန်းကျင်သို့ ထပ်ဆင့်ပြန့်ပွားနိုင်မည်ဖြစ်ပါကြောင်း၊  အားကစားလေ့ကျင့်ခြင်းဖြင့် ရောဂါများ အထူးသဖြင့် မကူးစက်နိုင် သော ရောဂါများဖြစ်ပွားခြင်းကို ကာကွယ်နိုင်မှုနှင့် ရောဂါ၏ပြင်းထန်မှုကို လျော့ချနိုင်မှုစသည့် ကိုယ်ခန္ဓာရုပ်ပိုင်း)ဆိုင်ရာ ကျန်းမာစေမှုများအပြင် (စိတ်ပိုင်း)နှင့် စိတ်ခံစားမှုပိုင်းဆိုင်ရာ အကျိုးကျေးဇူးများရရှိနိုင်မည်ဖြစ်ပါကြောင်း၊ ကျောင်းသား၊ ကျောင်းသူလူငယ်များ အားကစားကို နေ့စဉ်ပုံမှန်လေ့ကျင့်ခြင်းဖြင့် ကိုယ်ကာယဖွံ့ဖြိုးမှုအပြင် ဦးနှောက်ဉာဏ်ရည်ဖွံ့ဖြိုးမှု  စိတ်ခံစားမှုပိုင်းဆိုင်ရာနှင့် လူမှုဆက်ဆံရေးဆိုင်ရာ ဖွံ့ဖြိုးမှုများကိုပါရရှိစေပြီး သင်ကြားသင်ယူမှုကို များစွာအထောက်အကူပြုသဖြင့် ထူးချွန်ထက်မြက်သော ကျောင်းသား၊ ကျောင်းသူများ ပေါ်ထွန်းလာစေ မှာဖြစ်ပါကြောင်း စသည်ဖြင့် အသိပညာပေးဆွေးနွေးခဲ့ကြောင်း သိရသည်။

သီပေါမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ပြည်သူများ အသိပညာဗဟုသုတရရှိစေရန်   သက်ဆိုင်ရာကဏ္ဍများအလိုက်   အသိပညာပေးဆွေးနွေးပွဲ(Talk Show)များကိုဌာနဆိုင်ရာများ၊ အသင်းအဖွဲ့များနှင့် ပူးပေါင်း၍ လစဉ်ပြုလုပ်ဆောင်ရွက်ပေးလျက်ရှိကြောင်းနှင့် အဆိုပါ အသိပညာပေးဆွေးနွေးပွဲ (Talk Show)များကို သီပေါမြို့နယ်ရုံးမှ ဖွင့်လှစ်ထားသော We Love Hsipaw Facebook Page တွင် လွှင့်တင်ပေးသွားမည်ဖြစ်ကြောင်း သိရသည်။

ခင်လေး(သီပေါ ပြန်/ဆက်)