မိုင်းယောင်း ဩဂုတ် ၂၇
ရှမ်းပြည်နယ်အရှေ့ပိုင်း တာချီလိတ်ခရိုင် မိုင်းယောင်းမြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါ ကာကွယ် ရန် ကျန်းမာရေးစစ်ဆေးရေးဂိတ်ကို မုန်းလိုက်တံတား၌ ဩဂုတ် ၂၇ ရက်က ပြန်လှည်ဖွင့်လှစ်ခဲ့ပြီး ခရီးသွား ပြည်သူများအား ကျန်းမာရေးစစ်ဆေးမှုများ စတင်ဆောင်ရွက်လျက်ရှိကြောင်း မြို့နယ် အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာနမှ သိရသည်။
ထိုသို့ဆောင်ရွက်ရာတွင် မြို့နယ်ထွေ/အုပ်၊ ကျန်းမာရေး၊ လဝက၊ ကြက်ခြေနီနှင့် ရဲတပ်ဖွဲ့ဝင်များ ပါဝင်သော ပူးပေါင်းအဖွဲ့မှ မုန်းလိုက်တံတားပေါ် ဖြတ်သန်းသွားလာသူများ၊ ရပ်နီးရပ်ဝေးသို့ ခရီးသွားပြည်သူများအား ကိုယ်အပူချိန်တိုင်းပေးခြင်း၊ ခရီးသွားမှတ်တမ်းစာရင်းကောက်ယူခြင်းများကို စစ်ဆေးဆောင်ရွက်လျက်ရှိသည်။
ထို့ပြင် ပြည်သူများအနေဖြင့် အပြင်ထွက်လျှင် နှာခေါင်းစည်း တပ်ဆင်သွားလာရန်၊ မလိုအပ်ဘဲ ကလေးကို ခေါ်မသွားရန်၊ လက်သန့်ဆေးရည် သို့မဟုတ် ရေနှင့် ဆပ်ပြာကို အသုံးပြု၍ လက်ကို မကြာ ခဏ ဆေးကြောရန်နှင့် အခါအားလျော်စွာ ထုတ်ပြန်သော ကျန်းမာရေးဆိုင်ရာ အသိပညာပေး လမ်းညွှန်ချက်များ၊ နှိုးဆော်ချက်များကို လိုက်နာနေထိုင်သွားလာရေး စသည့် ကိုဗစ်-၁၉ ရောဂါကြိုတင် ကာကွယ်ရေး အသိပညာပေးခြင်းများကိုလည်း ဆောင်ရွက်ခဲ့သည်။
အဆိုပါ လုပ်ငန်းများဆောင်ရွက်ရာသို့ မြို့နယ်ကိုဗစ်-၁၉ ရောဂါ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေးကော် မတီ ဥက္ကဋ္ဌ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးညီညီဝင်းနှင့် တာဝန်ရှိသူများက သွားရောက်ကြည့်ရှုအားပေးပြီး လိုအပ်ချက်များကို ကူညီဆောက်ရွက်ပေးခဲ့ကြောင်း သိရသည်။
စိုင်းအောင်ဇော်လင်း