မွန်ပြည်နယ်ဝန်ကြီးချုပ် ဦးဇော်လင်းထွန်း မုဒုံမြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးရေး လုပ်ငန်းများ ကြည့်ရှုစစ်ဆေး

မုဒုံ   ဖေဖော်ဝါရီ  ၇

မွန်ပြည်နယ်ဝန်ကြီးချုပ် ဦးဇော်လင်းထွန်းသည်  အစိုးရအဖွဲ့ဝင် ဝန်ကြီးများ၊ ဌာနဆိုင်ရာ တာဝန်ရှိသူများနှင့်အတူ  ယနေ့ နံနက်  ၈  နာရီခွဲခန်က မုဒုံမြို့နယ်  ကော့ပရံကျေးရွာနှင့် ကျိုက်ရွဲကျေးရွာသို့  ဆက်သွယ်ဖောက်လုပ်မည့် ကုန်ထုတ်လမ်း မြေနေရာသို့ ရောက်ရှိရာ တာဝန်ရှိသူတစ်ဦးက မြေပုံကားချပ်ဖြင့် ရှင်းလင်းတင်ပြမှုအပေါ် ဝန်ကြီချုပ်က ပွင့်လင်းရာသီအတွင်း  အချိန်မီပြီးစီးရေး၊ လယ်ယာမြေများ  ထိခိုက်မှုအနည်းဆုံးဖြစ်စေရေး နှင့် လိုအပ်သည်များကိုမှာကြားကာ ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးသည်။

ထိုမှတစ်ဆင့်  ဝန်ကြီချုပ်နှင့်အဖွဲ့သည်  ကောပရံကျေးရွာအနီး   ရေလွှဲလမ်းကြောင်း တူးဖော်မည့် မြေနေရာသို့ ရောက်ရှိရာ ဆည်မြောင်း ဦးစီးဌာနမှ တာဝန်ရှိသူတစ်ဦးက အလျားပေ (၂၂၄၄၆)ပေ တူးဖော်ဖောက်လုပ်မည့် အခြေအနေများကို  ရှင်းလင်းတင်ပြခဲ့ရာ ဝန်ကြီးချုပ်က မိုးတွင်းကာလ လယ်ယာမြေများ ရေကြီးနစ်မြုပ်မှုမှ ကာကွယ်နိုင်ရေး အတွက် ရေလွှဲမြောင်းများ ဖောက်လုပ်ပေးခြင်းဖြစ်ကြောင်း၊    တောင်သူများ အချိန်မီ စိုက်ပျိုးနိုင်ရေးနှင့် မျိုးကောင်းမျိုးသန့်များ စိုက်ပျိုးနိုင်ရေး မှာကြားသည်။

ထို့နောက် ဝန်ကြီးချုပ်နှင့်အဖွဲသည် ကော့ပရံ-တံခွန်တိုင် ကျေးရွာချင်းဆက် မြေသားလမ်း ဖောက်လုပ်သည့်  နေရာသို့ရောက်ရှိရာ ကျေးလက်လမ်း ဖွံ့ဖြိုးရေး ဦးစီးဌာန ပြည်နယ်မှူး က မြေသားတာဘောင်တင်ခြင်းလုပ်ငန်း ဆောင်ရွက်နေမှု အခြေအနေကို ရှင်းလင်းတင်ပြပြီး ပြည်နယ် ဝန်ကြီးချုပ်က တံခွန်တိုင်ကျေးရွာအတွင်း ကတ္တရာလမ်း(၂)မိုင်နှင့် ကုန်ထုတ်လမ်း (၂)မိုင် ခင်းပြီးဖြစ်၍ ယခုကော့ပရံကျေးရွာမှ မြေသားလမ်း(၂)မိုင် ခင်းကျင်းပြီးပါက အလွယ်တကူ သွားလာနိုင်မည်ဖြစ်ကြောင်း  ပြောကြားပြီး တာဝန်ရှိသူများက လိုအပ်သည်များကို ပေါင်းစပ် ဖြည့်ဆည်း ဆောင်ရွက်ပေးသည်။

ထို့နောက်ဝန်ကြီးချုပ်နှင့်အဖွဲ့သည် ဘလောက်ညောင်ဝိုင်း-ဝဲကလီ ကျေးရွာချင်းဆက် ကတ္တရာလမ်းသစ် ဖောက်လုပ်ပြီးစီးနေမှုအား ကြည့်ရှု စစ်ဆေးခဲ့ကြောင်း သိရသည်။

အောင်မျိုးသူ(ပြန်/ဆက်)