ကျောက်တန်းမြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါ ကူးစက်မှုမဖြစ်ပေါ်စေရေးနှင့် ကာကွယ်ထိန်းချုပ်ရေးလုပ်ငန်းများ အရှိန်အဟုန်မြှင့်ဆောင်ရွက်

ကျောက်တန်း ဩဂုတ် ၂၇

ရန်ကုန်တိုင်းဒေသကြီး၊ တောင်ပိုင်းခရိုင်၊ ကျောက်တန်းမြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်မှု ကော်မတီ၏ ကြီးကြပ်ကွပ်ကဲမှုဖြင့် ကိုဗစ်-၁၉ ရောဂါ ကူးစက်ပြန့်နှံ့မှု မရှိစေရေးနှင့် ကာကွယ် ထိန်းချုပ်ရေးလုပ်ငန်းများအား အရှိန်အဟုန်မြှင့် ဆောင်ရွက်လျက်ရှိရာ နေအိမ်ပြင်ပ သွားလာပါက Mask တပ်ဆင် ရေးအသိ ပညာပေး လှုပ်ရှားမှုများကို ယနေ့ နံနက် ၈ နာရီက စတင်ကာ လူစည်ကားရာ မြို့မဈေးအနီး၊ ကျောက်တံတား မော်တော် ဆိပ်နှင့် ယာယီပျံကျဈေးအနီးတို့တွင် ဆောင်ရွက်လျက် ရှိကြောင်း သိရသည်။

အဆိုပါဆောင်ရွက်မှုတွင်  ဈေးဝယ်လာသူများ၊ ခရီးသွားပြည်သူများအား  နေအိမ်ပြင်ပ ထွက်ခွာပါက Mask များ စနစ်တကျ တပ်ဆင်ရေး၊ လက်သန့်ဆေး(သို့မဟုတ်) ဆပ်ပြာဖြင့် လက်ကိုစင်ကြယ်အောင် စနစ်တကျ ဆေးကြော ကြရန်နှင့် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ရေး ဆိုင်ရာ အသိပညာပေးဆောင်ရွက်ခဲ့ကြောင်း သိရသည်။

ထိုသို့ဆောင်ရွက်ရာတွင် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ်ရေးနှင့်  အရေးပေါ်တုံ့ပြန်မှုကော်မတီဝင်များ၊ မြန်မာ နိုင်ငံရဲတပ်ဖွဲ့ဝင်များ၊  ကျန်းမာရေးဝန်ထမ်းများ၊ ဌာနဆိုင်ရာများ၊ မီးသတ်တပ်ဖွဲ့ဝင်များနှင့် NGO အဖွဲ့များက ဝိုင်းဝန်းဆောင်ရွက်ခဲ့ပြီး နောက်ရက်များတွင် လည်း ဆက်လက်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။

ခင်ဆွေဝင်း(ကျောက်တန်း)