မိုးညှင်းမြို့၌ တစ်ပိုင်တစ်နိုင် မုန့်ညှင်းစိုက်ပျိုးခြင်းမှ မိသားစုအတွက် အပိုဝင်ငွေများရရှိ

မိုးညှင်း ဖေဖော်ဝါရီ ၇

ကချင်ပြည်နယ် မိုးညှင်းခရိုင် မိုးညှင်းမြို့၌  တစ်ပိုင်တစ်နိုင် ရာသီပေါ် မုန့်ညှင်းစိုက်ပျိုး လုပ်ကိုင်ရောင်းချခြင်းမှ မိသားစုအတွက် အပိုဝင်ငွေများရရှိကြောင်း သိရသည်။

“ခြောက်လမုန့်ညှင်းမျိုးကို သက်ငယ်၊ သက်လတ်နဲ့ သက်ကြီးဆိုပြီး သုံးမျိုးသုံးစားခွဲပြီးတော့ စိုက်ပျိုးပါတယ်။ မုန့်ညှင်း သက်ငယ် မျိုးကိုတော့ ဝါဆိုလနဲ့ ဝါခေါင်လမှာ စိုက်ပျိုးပါတယ်။ မုန့်ညှင်း သက်လတ်မျိုးကိုတော့ တော်သလင်းလနဲ့ သီတင်းကျွတ်လမှာ စိုက်ပျိုးပါတယ်။ နောက်ဆုံး မုန်းညှင်း သက်ကြီးမျိုးကိုတော့ တန်ဆောင်မုန်းလကနေ့စပြီးတော့မှ အခုတပေါင်းလအထိပေါ့ စိုက်ပျိုးပြီး ရောင်းချပါတယ်။ မုန့်ညှင်း(၁၀)စည်းပါ တစ်ထုံးကို ငွေကျပ်(၉၀၀)နှုန်းဖြင့် ဖောက်သည်သွင်းပါတယ်။ မြို့ပေါ်စျေးများ အပြင် အခြားသော အမြို့မြို့အနယ်နယ်တွေကိုလည်း တင်ပို့ရောင်းချပါတယ်” ဟု မုန့်ညှင်းစိုက်ပျိုးလုပ်ကိုင်သူ ဒေါ်နှင်းအေးက ပြောပြသည်။

အဆိုပါ ခြောက်လမုန်းညှင်းစိုက်ခြင်းကို တစ်နှစ်လျှင် သုံးသီးစားခွဲ၍ စိုက်ပျိုးလုပ်ကိုင်လျက်ရှိရာ ယခင်နှစ်ထက် ယခုနှစ်က စျေးများ ပို၍ရရှိသဖြင့် ၎င်းစိုက်ပျိုးသူမှာ မိသားစုအတွက် ဝင်ငွေများ တိုးပွားလျက်ရှိကြောင်း၊ မုန့်ညှင်းများအပြင် အခြားရာသီပေါ် သီးနှံများဖြစ်သည့် ဘူးသီး၊ ခဝဲသီး၊ ငရုတ်သီး၊ ဗိုလ်စားပဲသီး၊ သခွားသီး၊ ပဲတောင့်ရှည်နှင့် ကြက်ဟင်းခါးသီးစသည့် သီးနှံများကိုလည်း စိုက်ပျိုးလုပ်ကိုင်လျက်ရှိကြောင်း သိရသည်။

ဇွဲသူရအောင်(ပြန်/ဆက်)