မြောက်ဥက္ကလာပ ဖေဖော်ဝါရီ ၇
ရန်ကုန်တိုင်းဒေသကြီး၊ အရှေ့ပိုင်းခရိုင်၊ မြောက်ဥက္ကလာပမြို့နယ်၊ ပြန်ကြားရေးနှင့် ပြည်သူ့ ဆက်ဆံရေးဦးစီးဌာနသည် စာပေမြတ်နိုးတန်ဖိုးထားသူများ ပိုမိုတိုးပွားလာစေရန်နှင့် အချင်းချင်းဝိုင်းဖွဲ့ ဆွေးနွေးခြင်းအားဖြင့် တစ်ဦးချင်းစီ၏ အတွေးအခေါ် အသိအမြင်များအား မျှဝေတတ်စေရန် စာပေမှရသော အသိအမြင် ဗဟုသုတများကို အသုံးချတတ်စေရန် ရည်ရွယ်၍ ယမန်နေ့ နံနက်(၁၀)နာရီက ပြည်သူ့စာကြည့်တိုက်ရှိ လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမတွင် စာဖတ်ဝိုင်းကျင်းပပြုလုပ်ခဲ့သည်။
အဆိုပါ စာဖတ်ဝိုင်းတွင် မြောက်ဥက္ကလာပမြို့နယ် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီး ဌာနမှ မြို့နယ်ဦးစီးမှူး ဒေါ်မြမြဝင်းက တက်ရောက်လာသူများအား စာဖတ်ဝိုင်း ပြုလုပ်ရ ခြင်း၏ ရည်ရွယ်ချက်များကို ရှင်းလင်းပြောကြားခဲ့ပြီး မြောက်ဥက္ကလာပမြို့နယ် စာရေးဆရာ အသင်းဥက္ကဋ္ဌ ဦးသိန်းဝင်းဇော်က စာရေးဆရာ ချစ်နိုင်(စိတ်ပညာ) ရေးသားထားသော အချိန်ကိုအသုံးချနည်း စာအုပ်ဖြင့် စာဖတ်ဝိုင်း ဆောင်ရွက်ခဲ့ပြီး ဆရာက "ဒီစာအုပ်ထဲမှာ အခန်းပေါင်း (၂၃)ခန်း ပါဝင်ပြီး အချိန်ဆိုတာဘဝ၊ ဘဝဆိုတာအချိန်ပါပဲ၊ အချိန်ကို တန်ဖိုး ထားမှ တန်ဖိုးရှိတဲ့သူ ဖြစ်လာမှာပါ၊ ဒီဘဝကိုစက္ကန့် မိနစ်မှစပြီး နာရီ၊ ရက်၊ လ၊ နှစ်များနဲ့ ဖွဲ့စည်းထားလို့ အချိန်ဆိုတာဘဝ၊ ဘဝဆိုတာ အချိန်လို့ဆိုခြင်းဖြစ်ပါတယ်" ဟု ဆက်လက် ဖတ်ကြားဆွေးနွေးခဲ့ရာ Book Club အဖွဲဝင်များ၊ မြို့နယ်အတွင်းရှိ စာပေချစ်သူစာဖတ် ပရိသတ်များနှင့် အတူ ၎င်းစာအုပ်ပါအကြောင်းအရာများကို အမြင်ချင်းဖလှယ်ကာ စာဖတ်ဝိုင်း ကျင်းပခဲ့ကြောင်း သိရသည်၊၊
မြမြဝင်း