ညောင်ဦးမြို့နယ် အိုင်းမတဲတိုက်သို့  အေးမေတ္တာ ရေအလှူတော်အသင်းက သောက်သုံးရေ ၁၆၀၀ ဂါလံ လှူဒါန်း

ညောင်ဦး ဖေဖော်ဝါရီ ၇

မန္တလေးတိုင်းဒေသကြီး၊ ညောင်ဦးမြို့နယ် ငါ့သရောက်မြို့ အိုင်းမတဲတိုက်သို့ အေးမေတ္တာရေ အလှူတော်အသင်းက ယနေ့ နံနက် ၈ နာရီအချိန်က သောက်သုံးရေ ရေဂါလံ ၁၆၀၀ လှူဒါန်း ပေးခဲ့ကြောင်း သိရသည်။

ညောင်ဦးမြို့နယ်ရှိ အေးမေတ္တာရေ အလှူတော်အသင်းသည် သောက်သုံးရေ ခက်ခဲသည့် ညောင်ဦးမြို့နယ်အတွင်းရှိ ကျေးရွာအုပ်စုများ၊ ကျေးရွာများ၊တဲတိုက်များကို နှစ်စဉ် နှစ်တိုင်း နွေ၊ မိုး၊ ဆောင်း ရေခက်ခဲသည့် ကျေးရွာများကို သောက်သုံးရေလှူဒါန်းနေသည့် ရေအလှူတော် အသင်းဖြစ်ကြောင်း၊ ညောင်ဦးမြို့နယ်တွင် သောက်သုံးရေ အင်မတန်ခက်ခဲသည့် ကျေးရွာ၊ တဲတိုက်အမြောက်အများ ရှိနေသေးပြီး သောက်သုံးရေကို လှူဒါန်းမှုမှရယူ သုံးစွဲကြခြင်း၊ စုပေါင်းဝယ်ယူ သုံးစွဲကြခြင်းများဖြင့် သောက်သုံးရေအား ဖြေရှင်းကြရကြောင်း အိုင်းမတဲတိုက်မှ ဦးတင်ဆောင်က ပြောကြားသည်။

ညောင်ဦးမြို့နယ်အတွင်းရှိ ကျေးရွာအများစုသည် မြေသားရေလှောင်ကန်များကို မှီခိုအားထား နေရပြီး မိုးဥတုမိုးရွာသွန်းချိန် မြေသားရေလှောင်ကန်များ ရေဝင်ရောက်မှုရှိမ ရှိကန်ဘောင်ပေါ် တက်ကြည့်ရသည်မှာလည်း အမောတကောပင်ဖြစ်ရကြောင်း၊ မြေသား မိုးရေလှောင်ကန်များ ရေဝင်ရောက်ပါက အထိုက်အလျှောက် သောက်ရေ၊ သုံးရေဖြေရှင်း ပေးနိုင်ကြောင်းလည်း သိရကာ ညောင်ဦးမြို့နယ်တွင် အဝီစိတွင်း၊ စက်ရေးတွင်းမရှိသေးသည့် တဲတိုက်အများအပြား ကျန်ရှိနေသေးကြောင်း သိရပြီး ယခုသောက်သုံးရေ လှူဒါန်းမှုသည်လည်း ရန်ကုန်မြို့ ဝေမျှခြင်း ပရဟိတမိသားစုက လှူဒါန်းခြင်းဖြစ်ကြောင်းသိရပြီး အိုင်းမတဲတိုက်တွင် အိမ်ခြေ ၄၈ အိမ်ရှိပြီး လူဦးရေ ၁၈၀ ကျော်လောက်နေထိုင်ကြောင်း ရေအကျိုးတော်ဆောင် ဦးကျော်ရွှေထံက သိရ သည်။

ကိုထိန်၊ KPD