ညောင်ဦး ဖေဖော်ဝါရီ ၇
မန္တလေးတိုင်းဒေသကြီး၊ ညောင်ဦးမြို့နယ်တွင် (Omicron) အပါအဝင် ကိုဗစ်-၁၉ ဗီဇပြောင်း ရောဂါကူးစက်ပြန့်ပွားမှု လျော့ကျစေရန် ရည်ရွယ်၍ အသိပညာပေး နှိုးဆော်ခြင်း လုပ်ငန်းများ ကို ယနေ့ နံနက် ၉ နာရီအချိန်က မြို့ပေါ်ရပ်ကွက်များရှိ လူစည်ကားရာနေရာများသို့ ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် မြို့နယ်မီးသတ်ဦးစီးဌာန၊ ညောင်ဦးမြို့နယ် ထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ ဝန်ထမ်းများက ကိုဗစ်-၁၉ ရောဂါ ကာကွယ်ရေးနှင့် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး ဆက်လက်ထိုးနှံပေးလျက်ရှိရာ ပြည်သူများ ကျယ်ကျယ်ပြန့်ပြန့် သိရှိစေ ရန် လိုက်လံနှိုးဆော်ပေးလျက်ရှိကြောင်း သိရသည်။
ထိုသို့ဆောင်ရွက်ရာတွင် ညောင်ဦးမြို့နယ်အတွင်းရှိ ပြည်သူများအနေဖြင့် လက်ရှိဖြစ်ပေါ် နေသော (Omicron) အပါအဝင် ကိုဗစ်-၁၉ ဗီဇပြောင်းရောဂါကူးစက်ပြန်ပွားမှု ရောဂါ ကာကွယ်နိုင်ရန်အတွက် အတတ်နိုင်ဆုံး အိမ်တွင်သာ နေထိုင်ကြရန်၊ ပြင်ပဧည့်သည်များ လက်မခံရန်၊ အခြားသူများထံသို့ သွားရောက် လည်ပတ်ခြင်းမပြုရန်၊ နေအိမ်အပြင်ထွက်ခွာ ပါက ပါးစပ်နှင့် နှာခေါင်းစည်း စနစ်တကျ တပ်ဆင်သွားရန်၊ နှာခေါင်းစည်း တပ်ဆင်ထားခြင်း မရှိသူများနှင့် စကားပြောဆိုခြင်း၊ နှာ ခေါင်းစည်းမတပ်ပဲ ဈေးရောင်းသူများထံမှ ဈေးမဝယ်ယူ ရန်၊ တစ်ဦးနှင့် တစ်ဦးတပ်နိုင်သမျှ ခပ်ခွာခွာနေရန်၊ လက်ကိုဆပ်ပြာဖြင့်စက္ကန့် ၂၀ ကြာ၊ မကြာ ခဏဆေးကြောရန်၊ လူစုလူဝေးရှောင်ရှားရန်၊ သက်ကြီးရွယ်အိုများ၊ ဆီးချို၊ သွေးချိုနှင့် နှလုံးရောဂါ အခံရှိသူများ ရောဂါ ကူးစက်ခံရပါက ဝေဒနာပြင်းထန်စွာ ခံစားရပြီး အသက် အန္တရာယ် ထိခိုက်နိုင်သဖြင့် ဂရုပြုနေထိုင်ကြရန်၊ ရောဂါပိုးကူးစက်ခံရသည်ဟု သံသယရှိပါက နီးစပ်ရာ ကျန်းမာရေးဌာနများသို့ ဆက်သွယ်၍ မပျက်မကွက် ဆေးကုသမှုခံယူကြရန်နှင့် ကျန်းမာရေးဝန်ကြီးဌာနမှ ထုတ်ပြန်ထားသည့် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ်ရေးဆိုင်ရာ အသိပညာပေး လမ်းညွှန်ချက်များကို ပြည်သူအားလုံးက ကိုယ်စီလိုက်နာကြရန် နှိုးဆော်ခဲ့ ကြောင်း သိရသည်။
ကိုထိန်၊ KPD