မော်လမြိုင်တွင် (၇၅) နှစ်မြောက် စိန်ရတုပြည်ထောင်စုနေ့ အထိမ်းအမှတ် အထက်တန်းအဆင့် စာစီစာကုံးနှင့် ဆောင်းပါးပြိုင်ပွဲကျင်းပ

မော်လမြိုင် ဖေဖော်ဝါရီ ၇

ဖေဖော်ဝါရီ ၁၂ ရက်နေ့တွင် ကျရောက်မည့် (၇၅) နှစ်မြောက် စိန်ရတု ပြည်ထောင်စုနေ့ကို ကြိုဆိုသောအားဖြင့် တိုင်းဒေသကြီး၊ ပြည်နယ်အလိုက် အခြေခံပညာကျောင်းများတွင် ပြည်ထောင်စုနေ့နှင့် သက်ဆိုင်သည့်ပြိုင်ပွဲများကို တပြိုင်တည်း ကျင်းပပေး လျက်ရှိရာ ယနေ့ နံနက် ၉ နာရီက မွန်ပြည်နယ်၊ မော်လမြိုင်မြို့ အမှတ်(၅) အခြေခံပညာ အထက်တန်းကျောင်း ခန်းမတွင် အထက်တန်းအဆင့် စာစီစာကုံးနှင့် ဆောင်းပါးပြိုင်ပွဲကို မွန်ပြည်နယ် (၁၀) မြို့နယ်အတွင်းမှ ကျောင်းသား၊ ကျောင်းသူများက ဝင်ရောက်ယှဉ်ပြိုင်ကြသည်။

ပြိုင်ပွဲကျင်းပပေးရာတွင် စာစီစာကုံးပြိုင်ပွဲကို "မျိုးရိုးအစဉ်အလာ ဂုဏ်ရှိန်ဝါစိန်ရတု ပြည်ထောင်စုစိတ်ဓာတ်ဖြင့် ထိန်းသိမ်းပါ" ခေါင်းစဉ်ဖြင့် ကျောင်းသား၊ ကျောင်းသူ (၁၈) ဦးနှင့်ဆောင်းပါးပြိုင်ပွဲကို" ပြည်ထောင်စုစိတ်ဓာတ် ရှင်သန်ရေး တိုင်းရင်းသားအားလုံး ဖော်ဆောင်ပေး" ခေါင်းစဉ်ဖြင့် ကျောင်းသား၊ ကျောင်းသူ(၅)ဦးတို့က ဝင်ရောက်ယှဉ်ပြိုင်ခဲ့ရာ ပြည်နယ်လူမှုရေးဝန်ကြီး ဦးမြတ်သွင်၊ ပြည်နယ်ပညာရေးမှူးရုံးမှ ညွှန်ကြားရေးမှူး ဒေါက်တာ ချိုချိုမြတ်အောင်နှင့် အမှတ်(၅)အခြေခံပညာ အထက်တန်းကျောင်းမှ ကျောင်းအုပ်ကြီး ဦးကိုကိုအောင်တို့က ကြည့်ရှုအားပေးခဲ့ကြသည်။

အဆိုပါ ပြည်ထောင်စုနေ့နှင့် သက်ဆိုင်သည့် ပြပွဲ၊ ပြိုင်ပွဲများကျင်းပပေးခြင်းသည် ကျောင်းသား၊ ကျောင်းသူများအနေဖြင့် ကျောင်းစာအပြင် ပြည်ထောင်စုနေ့သက်ဆိုင်သည့် အကြောင်းအရာများ၊ မျိုးချစ်စိတ်ဓာတ်များ ရှင်သန်ထက်မြက်စေရန်နှင့် အမျိုးဘာသာသာသနာအပေါ် ထိန်းသိမ်းစောင့်ရှောက်လိုသော စိတ်ဓာတ်ကောင်းများ ပေါ်ပေါက်လာစေရန် ရည်ရွယ် ဆောင်ရွက် ခြင်းဖြစ်ကြောင်း တာဝန်ရှိသူထံမှ သိရသည်။

ဇာဖြူဝင်း(ပြန်/ဆက်)