ထန်းတပင်(ရန်ကုန်) ဖေဖော်ဝါရီ ၇
ရန်ကုန်မြောက်ပိုင်းခရိုင်၊ ထန်းတပင်မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမတွင် ယမန်နေ့နံနက်ပိုင်းက ရပ်ကွက်နေပြည်သူများအတွက် အသက်မွေးဝမ်းကျောင်းအထောက်အကူပြု ဆပ်ပြာဆီနှင့်ဆပ်ပြာခဲပြုလုပ်နည်းသင်တန်းကို ဖွင့်လှစ်ပေးခဲ့ကြောင်း သိရသည်။
သင်တန်းတွင် မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဦးစီးအရာရှိ(တာဝန်ပေး) ဒေါ်ဆုလှိုင်က သင်တန်းဖွင့်လှစ်ဆောင်ရွက်ရခြင်း၏ ရည်ရွယ်ချက်များနှင့်ပတ်သက်၍ ရှင်းလင်းပြောကြားခဲ့ပြီး သင်တန်းနည်းပြဆရာမ ဒေါ်အေးအေးသန်း (စက်မှု)ကသင်တန်းသို့ တက်ရောက်သင်တန်းသား၊ သင်တန်းသူများအား ဆပ်ပြာဆီနှင့် ဆပ်ပြာခဲပြုလုပ်နည်းများကို စာတွေ့လက်တွေ့ သင်ကြားပေးခဲ့ကြောင်း သိရသည်။
အဆိုပါသင်တန်းကို တစ်ရက်တာ ဖွင့်လှစ်ဆောင်ရွက်ခဲ့ခြင်းဖြစ်ပြီး ရပ်ကွက်နေပြည်သူများ တစ်ပိုင်တစ်နိုင် မိသားစုဝင်ငွေများ တိုးပွားလာစေရန်ရည်ရွယ်၍ သင်တန်းကို ဖွင့်လှစ်ဆောင်ရွက်ခဲ့ကြခြင်းဖြစ်သလို သင်တန်းသို့ရပ်ကွက်နေပြည်သူ(၂၄)ဦးတို့ တက်ရောက်ခဲ့ကြကြောင်းလည်း သိရသည်။
ဇင်မင်းထိုက်(ထန်းတပင်)