မန္တလေးတိုင်းဒေသကြီး စာကြည့်တိုက်များဖောင်ဒေးရှင်းအလုပ်အမှုဆောင်အဖွဲ့၏ (၁/၂၀၂၂) ပထမအကြိမ် လုပ်ငန်းညှိနှိုင်းအစည်းအဝေးကျင်းပ

ချမ်းအေးသာစံ     ဖေဖော်ဝါရီ    ၆

မန္တလေးတိုင်းဒေသကြီး၊ စာကြည့်တိုက်များဖောင်ဒေးရှင်း အလုပ်အမှုဆောင်အဖွဲ့၏ (၁/၂၀၂၂) ပထမအကြိမ် လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယမန်နေ့နံနက် ၁၀ နာရီက မန္တလေးတိုင်းဒေသကြီး စာကြည့်တိုက်များဖောင်ဒေးရှင်း အစည်းအဝေးခန်းမတွင် ကျင်းပခဲ့သည်။

ရှေးဦးစွာ မန္တလေးတိုင်းဒေသကြီး၊ စာကြည့်တိုက်များဖောင်ဒေးရှင်းဥက္က ဦးသောင်းနိုင်က အမှာစကားပြောကြားပြီး စာကြည့်တိုက်လုပ်ငန်းများ ဆက်လက်အကောင်အထည်ဖော်ဆောင်ရွက်ရေး ညှိနှိုင်းဆွေးနွေးကြသည်။

ဆွေးနွေးပွဲတွင် အတွင်းရေးမှူး ဦးကျော်ဆင့်အေးက မန္တလေးတိုင်းဒေသကြီးအတွင်းရှိ စာကြည့်တိုက်များကို ရေရှည်တည်တံ့စေရန် မျိုးဆက်သစ်လူငယ်များအား တာဝန်ပေး၍ တက်ကြွစွာပူးပေါင်းဆောင်ရွက်ရေး၊ အဖွဲ့ဝင် ဦးစိုးလှ(ဥပဒေ)က ကိုဗစ်-၁၉ ကြောင့် ရပ်တန့်ခဲ့ရသော လုပ်ငန်းများကို မြန်မာနိုင်ငံ စာကြည့်တိုက်များဖောင်ဒေးရှင်း(ဗဟို)၏ လမ်းညွှန်ချက်ခံယူ၍ ဆက်လက်အရှိန်အဟုန်မြှင့် ဆောင်ရွက်ရေး၊ မန္တလေးတိုင်းဒေသကြီး၊ စာကြည့်တိုက်များဖောင်ဒေးရှင်း တွဲဖက်အတွင်းရေးမှူး(၁) ဦးသန်း (မောင်သန်း-မဟာဝိဇ္ဇာ)က မန္တလေးမြို့ပေါ် (၇)မြို့နယ် ရှိ စာကြည့်တိုက်များ၏ လုပ်ငန်းလိုအပ်ချက်များ၊ အတွင်းရေးမှူး ဦးကျော်ဆင့်အေးက ကိုဗစ်-၁၉ ပထမလှိုင်း စတင်စဉ်က ရပ်နားခဲ့ရသော လုပ်ငန်းများကို ဗဟို၏လမ်းညွှန်ချက်နှင့်အညီ တိုင်းဖောင်ဒေးရှင်းလုပ်ငန်းများကို ပြန်လည် ရှင်သန်လှုပ်ရှားနိုင်ရေးတို့ကို ဆွေးနွေးခဲ့ကြပြီး လုပ်ငန်း ဆောင်ရွက်ရန်ကိစ္စများကို ဆွေးနွေးဆုံးဖြတ်ကြောင်း သိရသည်။

မြို့နယ်ပြန်/ဆက်