တာချီလိတ် ဖေဖော်ဝါရီ ၆
ရှမ်းပြည်နယ် (အရှေ့ပိုင်း) တာချီလိတ်မြို့၌ ကိုဗစ်-၁၉ ရောဂါ ကာလအတွင်း Quarantine Centre အဖြစ် ငှါးရမ်းအသုံးပြုခဲ့သော မိုးကုတ် ဝိပသနာတရားရိပ်သာစခန်း အဆောက်အဦကို ပိုင်ရှင်ဖြစ်သူများထံ ယမန်နေ့မွန်းလွှဲပိုင်းက ပြန်လည်အပ်နှံပြီး အလှူငွေများ ပေးအပ်ခဲ့ ကြောင်း သိရသည်။
တာချီလိတ်မြို့၊ ဆန်ဆိုင်း(ခ)ရပ်ကွက်ရှိ ကုတင်(၁၈၀)ဆံ့ မိုးကုတ်ဝိပသနာ တရားရိပ်သာစခန်းကို ထိုင်းနိုင်ငံမှ ပြန်လည်ဝင်ရောက် လာကြသည့် ကိုဗစ်-၁၉ ရောဂါကူးစက်ခံရသူများနှင့် ကိုဗစ်-၁၉ ရောဂါ သံသယရှိသူများအားထားရှိရန် ခရိုင်ကိုဗစ်-၁၉ ရောဂါ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေးနှင့် အရေးပေါ် တုံ့ပြန်ရေး ကော်မတီမှ ၂၀၂၀ ပြည့်နှစ်၊ ဖေဖော်ဝါရီလ (၂၆) ရက်နေ့တွင် စတင်ငှားရမ်း၍ အသုံးပြုခဲ့ရာ ယခုအခါ ကိုဗစ် - ၁၉ ရောဂါ ကူးစက်ပြန့်ပွားမှု လျော့နည်းကျဆင်းလာသည့်အတွက် အဆောက်အဦကို ပြန်လည်ပေးအပ်ခြင်း ဖြစ်သည်။
ထိုသို့ ပြန်လည်အပ်နှံရာတွင် ခရိုင်ကိုဗစ်-၁၉ ရောဂါ ကာကွယ် ထိန်းချုပ်၊ ကုသရေးနှင့် အရေးပေါ်တုံ့ ပြန်ရေးကော်မတီဉက္ကဋ္ဌ၊ ခရိုင် အုပ်ချုပ်ရေးမှူး ဦးမြင့်နိုင်က ကိုဗစ်-၁၉ ရောဂါ ဖြစ်ပွားနေစဉ်ကာလအတွင်း ပြည်သူများ၏ ကျန်းမာရေးအတွက် စိတ်သဘောထားကြီးစွာ အဆောက်အဦကို ငှားရမ်းအသုံးပြုခွင့်ပေးခဲ့သည့် မိုးကုတ်ဝိပသနာအဖွဲ့ခွဲ(၃၄၈)ဥက္ကဋ္ဌ ဦးကျော်သီဟနှင့်အဖွဲ့ဝင်များထံ အလှူငွေ ထိုင်းဘတ် ငွေ တစ်သိန်း (ကျပ်သိန်း ၅၀ ကျော်)ကို ပေးအပ်လှူဒါန်းပြီး ကျေးဇူးတင်စကားပြောကြားခဲ့ကြောင်း သိရသည်။
ယာဆေး(တာချီလိတ်)