နမ့်စန်တွင် မြို့နယ်သံဃနာယကအဖွဲ့ဝင်များ ပြန်လည်ရွေးချယ်ခြင်းဆိုင်ရာ မြို့နယ်သံဃဝန်ဆောင် အစည်းအဝေးကျင်းပ

နမ့်စန်(တ) ဖေဖော်ဝါရီ ၆

ရှမ်းပြည်နယ်တောင်ပိုင်း၊ နမ့်စန်မြို့နယ်တွင် မြို့နယ်သံဃနာယကအဖွဲ့ဝင်များ ပြန်လည် ရွေးချယ် ခြင်းဆိုင်ရာ မြို့နယ်သံဃဝန်ဆောင် အစည်းအဝေးကို ယမန်နေ့ မွန်းလွဲ ၁ နာရီခွဲအချိန်က အမှတ် (၄) ရပ်ကွက်ရှိ သုခိတာရုံ ပရိယတ္တိစာသင်တိုက်တွင် ကျင်းပခဲ့သည်။

ရှေးဦးစွာ မြို့နယ်အတွင်းရှိ ကြွရောက်လာကြသော ဆရာတော်သံဃာတော်များနှင့် ဌာနဆိုင်ရာ တာဝန်ရှိသူတို့က နမောတဿသုံးကြိမ် ရွတ်ဆို၍ အခမ်းအနားစတင်ဖွင့်လှစ်ခဲ့ပြီး မြို့နယ် သံဃနာယကဥက္ကဋ္ဌ၊ သုခိတာရုံပရိယတ္တိကျောင်းတိုက်ဆရာတော် ဦးအာလောကက ဩဝါဒကထာ များ မိန့်ကြားခဲ့သည်။

ဆက်လက်၍ ရှမ်းပြည်နယ်သာသနာရေးမှူးရုံးမှ ညွှန်ကြားရေးမှူး ဦးသိန်းဌေးက သာသနာရေးဆိုင်ရာ လုပ်ထုံးလုပ်နည်းများ လျှောက်ထား ခဲ့ပြီး မြို့နယ်သံဃနာယကအဖွဲ့မှ သက်တမ်းပြည့်၍ အနားယူမည့် ဆရာတော်များအပါအဝင် အကြောင်းအမျိုးမျိုးကြောင့် လစ်လပ်လျက် ရှိသည့် မြို့နယ်သံဃဝန်ဆောင်ဆရာတော်(၆)ပါး၏ ဘွဲ့တော်များကိုကြေညာပြီး တက်ရောက်လာကြသော သံဃာတော်များက သက်ဆိုင်ရာ နယ်မြေအလိုက် အမည်စာရင်းတင်သွင်းကြကာ အစားထိုး ရွေးချယ်ခဲ့ကြသည်။

ဆက်လက်၍ မြို့နယ်သံဃဝန်ဆောင်ဆရာတော်များထဲမှ မြို့နယ်သံဃနာယကအဖွဲ့ကို သံဃာအဖွဲ့အစည်းရွေးချယ်ခြင်းဆိုင်ရာ လုပ်ထုံး လုပ်နည်း အခြေခံစည်းမျဉ်းများနှင့်အညီ ရွေးချယ်ခဲ့ရာ မြို့နယ်သံဃနာယကအဖွဲ့ဥက္ကဋ္ဌအဖြစ် ဦးကောဏ္ဍည (သီရိမင်္ဂလာမြို့ဦးကျောင်း၊ နမ့်စန်မြို့)၊ အကျိုးတော်ဆောင်ဆရာတော်အဖြစ် ဦးနာရိန္ဒ(သုခိတာရုံကျောင်းတိုက်၊နမ့်စန်မြို့)၊ အဖွဲ့ဝင်များအဖြစ် ဦးဝါသေ (စိတ္တသုခ စမ်းချောင်းကျောင်း၊ နမ့်စန်မြို့)၊ ဦးဩဘာသ (လင်းဆိုင်ထမ်းကျောင်း၊ နမ့်စန်မြို့) နှင့် ဦးပညာသီရိ (သီရိမင်္ဂလာကျောင်း၊ ခိုလမ်မြို့) စုစုပေါင်း ဆရာတော်ကြီး (၅)ပါးဖြင့် အတည်ပြုရွေးချယ်ဖွဲ့စည်းခဲ့သည်။

ထို့နောက် တက်ရောက်လာကြသော ဆရာတော်သံဃာတော်များနှင့် ဌာနဆိုင်ရာတာဝန်   ရှိသူများက ဗုဒ္ဓသာသနံ စိရံတိတု သုံးကြိမ်ရွတ်ဆို ၍ မြို့နယ်သံဃနာယက အဖွဲ့ဝင်များ ပြန်လည် ရွေးချယ်ခြင်း အစည်းအဝေးပြီးဆုံးခဲ့ကြောင်း သိရသည်။       

မြို့နယ်ပြန်/ဆက်