တာချီလိတ် ဖေဖော်ဝါရီ ၆
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ တာချီလိတ်မြို့၊ ဆန်ဆိုင်း(ခ)ရပ်ကွက်ရှိ ကိုဗစ်-၁၉ ရောဂါ ကူးစက်လူနာနှင့် သံသယရှိသူတို့ကို စောင့်ကြည့် ရန်အတွက် ငှားရန်ဖွင့်လှစ်ထားရှိခဲ့သော မိုးကုတ်ဝိပသာနာ တရားရိပ်သာစခန်းအဆောက်အဦးကို ပိုင်ရှင်ဖြစ်သူများထံသို့ ယမန်နေ့ နေ့လည်အချိန်က ပြန်လည်အပ်နှံခဲ့ပြီး အလှူငွေများကိုပေးအပ်ခဲ့ကြောင်းသိရသည်။
ခရိုင်ကိုဗစ်ရောဂါ ကာကွယ်ကုသ ထိန်းချုပ်ရေးနှင့် အရေးပေါ်လုပ်ငန်းကော်မတီမှ မိုးကုတ်ဝိပသာနာအဖွဲ့ခွဲ (၃၄၈)ပိုင် တရားရိပ် သာစခန်းကို ၂၀၂၀ ခုနှစ်၊ ဖေဖော်ဝါရီလ (၂၆)ရက်နေ့မှ စတင်ငှားရန်းခဲ့ပြီး ထိုင်းနိုင်ငံမှ ပြန်လည်ဝင်ရောက်လာကြသည့် မြန်မာ ရွှေ့ပြောင်း အလုပ်သမားများနှင့် ပြစ်ဒဏ်မှလွတ်မြောက်လာသူများ ကိုဗစ်ရောဂါပိုး စစ်ဆေးရန်၊ စောင်ကြည့်ရန်နှင့် ကူးစက်လူနာများ ထားရှိရန်အတွက် အသုံးပြုခဲ့ပြီး ယခုအချိန်၌ ကိုဗစ်ရောဂါပိုး ကူးစက်မှုကျဆင်းလာပြီဖြစ်သည့်အတွက် အဆောက်အဦးကို ပြန်လည်ပေးအပ်ခြင်းဖြစ်ကြောင်း သိရသည်။ အလှူငွေ ထိုင်းဘတ်ငွေ (၁)သိန်း၊ မြန်မာငွေကျပ်သိန်း (၅၀)ကျော်ကို ခရိုင်ကိုဗစ်-၁၉ ရောဂါကာကွယ် ကုသထိန်းချုပ်ရေးနှင့် အရေး ပေါ်လုပ်ငန်းကော်မတီဥက္ကဋ္ဌ၊ ခရိုင်အုပ်ချုပ်ရေးမှူး ဦးမြင့်နိုင်မှ ပေးအပ်ခဲ့ပြီး မိုးကုတ် ဝိပသာနာအဖွဲ့ခွဲ (၃၄၈)မှ အသင်းဥက္ကဋ္ဌ ဦးကျော်သီဟနှင့် အဖွဲ့ဝင်များက လက်ခံခဲ့ကြသည်။
ဆက်လက်၍ ခရိုင်အုပ်ချုပ်ရေးမှူးမှ ပြည်သူများ ကိုဗစ်ရောဂါ ခံစားရပြီး အခက်အခဲများစွာ ကြုံတွေ့နေရချိန်၌ သဘော ထားကြီးစွာဖြင့် အဆောက်အဦးအား အခမဲ့ငှါးရန်းအသုံးပြုခွင့် ပေးသည့်အတွက် အထူးကျေးဇူးတင်ရှိပါကြောင်း ပြောကြားခဲ့သည်။ မိုးကုတ်ဝိပသာနာ တရားရိပ်သာစခန်းသည် ကုတင်(၁၈၀)ဝင်ဆံပြီး ကိုဗစ်ရောဂါ ကူးစက်မှုမဖြစ်ပွားမီအချိန်၌ တရားစခန်းဝင်ကြ သော ယောဂီများဖြင့် အစဉ်သက်ဝင်လှုပ်ရှားလျက်ပြီး လာမည့်ဧပြီလတွင် တရားစခန်းကို ပြန်လည်ဖွင့်လှစ်နိုင်ရန် ရည်ရွယ်ထား ကြောင်း အသင်းဥက္ကဋ္ဌ ဦးကျော်သီဟထံမှ သိရှိရသည်။
ယာဆေး