ဆိပ်ကြီးခနောင်တို ဩဂုတ် ၂၇
၂၀၂၀ ပြည့်နှစ်၊ နိုဝင်ဘာလ (၈) ရက်နေ့တွင် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲကြီးကို ကျင်းပပြုလုပ်မည်ဖြစ်ရာ ရန်ကုန်တိုင်း ဒေသကြီး၊ ရန်ကုန်တောင်ပိုင်းခရိုင်၊ ဆိပ်ကြီးခနောင်တိုမြို့နယ်အတွင်းရှိ ရပ်ကွက်များမှ ဆန္ဒမဲပေးပိုင် ခွင့်ရှိသူ မဲဆန္ဒရှင် များ၏ မဲစာရင်းများ ပြည့်စုံမှန်ကန်မှုရှိစေရေးအတွက် ယမန်နေ့ နံနက်ပိုင်းမှ စ၍ မြို့နယ်ရပ်ကွက် အတွင်းရှိ မဲဆန္ဒရှင်စာရင်းများအား မြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနနှင့် မြို့နယ်ရွေးကောက်ပွဲ ကော်မရှင်အဖွဲ့ခွဲမှ တာဝန်ရှိသူများက ရပ်ကွက်များအလိုက် အိမ်တိုင်ရာရောက် လိုက်လံစစ်ဆေး ဆောင်ရွက်ပေးလျက်ရှိသည်။
အဆိုပါ မဲဆန္ဒရှင်စာရင်းများ မှန်ကန်မှုရှိစေရေး အိမ်တိုင်ရာရောက် ကွင်းဆင်းဆောင်ရွက်ပေးရာတွင် ဆိပ်ကြီးခနောင်တို မြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန မြို့နယ်အုပ်ချုပ်ရေးမှူး ဦးဇော်သိန်း၊ ဒုတိယမြို့နယ်အုပ်ချုပ်ရေးမှူး ဦးနိုင်အောင်မြင့်နှင့် အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာန ဝန်ထမ်းများ၊ မြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲမှ တာဝန်ရှိသူ များ၊ ရပ်ကွက်ကော်မရှင် အဖွဲ့ဝင်များ၊ ရပ်/ကျေး စာရေးများက ရပ်ကွက်များအတွင်းရှိ မဲဆန္ဒရှင်စာရင်းများ ပြည့်စုံ မှန်ကန်မှုရှိရေး၊ ဆန္ဒမဲပေး ပိုင်ခွင့်ရှိသူများ ကျန်ရှိမှုမဖြစ်ရေးအတွက် အိမ်ထောင်စုများအလိုက် နိုင်ငံသားစိစစ်ရေးကတ်၊ သန်းခေါင် စာရင်း များဖြင့် တိုက်ဆိုင်စစ်ဆေး၍ မဲဆန္ဒရှင်စာရင်းများ ပြည့်စုံမှန်ကန်မှုရှိစေရေး အိမ်တိုင်ရာရောက် စနစ်တကျ လိုက်လံစစ်ဆေး ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။
ဆိပ်ကြီးခနောင်တိုမြို့နယ်တွင် ရပ်ကွက်(၉)ရပ်ကွက်ရှိပြီး လူဦးရေ သုံးသောင်းကျော်နေထိုင်လျက်ရှိရာ ပထမအကြိမ် မဲဆန္ဒရှင် စာရင်းများ ကပ်ထားကြေညာချက်အရ မြို့နယ်အတွင်း အသက်(၁၈)နှစ်ပြည့်ပြီး ဆန္ဒမဲပေးပိုင်ခွင့်ရှိသူ ဦးရေ စုစုပေါင်း (၂၄၉၅၁) ဦး ရှိကြောင်း မြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲမှ သိရသည်။
ဝေယံ(ဆိပ်ကြီးခနောင်တို)