နမ့်ဆန်မြို့နယ် ဘုရားကြီးကျေးရွာတွင် ရှေးဦးပြုစုခြင်း အခြေခံသင်တန်းဖွင့်

နမ့်ဆန်          မတ် ၁

ရှမ်းပြည်နယ် ပလောင်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ နမ့်ဆန်မြို့နယ် ဘုရားကြီးကျေးရွာအုပ်စု ဘုရားကြီးကျေးရွာ ဇယ်လုံဓမ္မာရုံ၌ မြို့နယ်ကြက်ခြေနီသူနာပြုတပ်ဖွဲ့ဝင်များတို့က ရှေးဦးပြုစုခြင်း အခြေခံသင်တန်း အမှတ်စဉ်(၁/၂၀၂၀) ယမန်နေ့နံနက် ၉ နာရီက ဖွင့်လှစ်ခဲ့သည်။

အဆိုပါ ရှေးဦးပြုစုခြင်း အခြေခံသင်တန်းကို မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန မြို့နယ်အုပ်ချုပ်ရေးမှူး (ကိုယ်စား) ဒုတိယ ဦးစီးမှူး အောင်မျိုးထွေးနှင့် မြို့နယ်ကြက်ခြေနီအသင်းခွဲ အမှုဆောင်အဖွဲ့ဝင် ဒေါ်မြမြခင် တို့က အမှာစကားပြောကြားသည်။ ထို့နောက် ကြက်ခြေနီသူပြု တပ်ဖွဲ့မှူး ဦးခင်မောင်က သင်တန်းဖွင့်လှစ်ရခြင်း၏ ရည်ရွယ်ချက်ကို ရှင်းလင်းပြီး ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူး ဦးမောင်တီက ကျေးဇူးတင်စကားပြောကြားသည်။

သင်တန်းဖွင့်ပွဲအခမ်းအနားတွင်  ဌာနဆိုင်ရာအကြီးအကဲများ၊ ကြက်ခြေနီအသင်းခွဲ အမှုဆောင် အဖွဲ့ဝင်များ၊ ဖိတ်ကြားထားသော ရပ်မိရပ်ဖများ၊ ဘုရားကြီးကျေးရွာ၊ ဇယ်ဘန်ကောက်ကျေးရွာ၊ ဇယ်တုန်ဟုန်းကျေးရွာနှင့်မန်ပန်ကျေးရွာမှ စေတနာလုပ်အားရှင် သင်တန်းသား/သူ (၄၀)ဦး တက်ရောက်ပြီး သင်တန်းကို (၃)ရက်ကြာသင်ကြားပို့ချသွားမည်ဟု သိရသည်။

အောင်မိုး (နမ့်ဆန် ပြန်/ဆက်)