ထန်းတပင်(ရန်ကုန်) ဖေဖော်ဝါရီ ၆
(၇၅) နှစ်မြောက် စိန်ရတုပြည်ထောင်စုနေ့ အထိမ်းအမှတ် ပုံပြော၊ ကဗျာရွတ်၊ စာဖတ်စွမ်းရည်၊ ဉာဏ်စမ်း၊ ဆေးရောင်ခြယ်ပြိုင်ပွဲ၊ နံရံကပ်စာစောင်နှင့် စာအုပ်စာစောင်ပြပွဲများကို ဖေဖော်ဝါရီလ (၄)ရက်နေ့ နံနက်ပိုင်းက ရန်ကုန်မြောက်ပိုင်းခရိုင်၊ ထန်းတပင်မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေး ဦးစီးဌာန လူထုအခြေပြုဗဟိုဌာန ( Community Centre) ခန်းမတွင် ကျင်းပပြုလုပ်ခဲ့ကြကြောင်း သိရသည်။
ပြိုင်ပွဲတွင် စာပေချစ်မြတ်နိုးသူများအသင်း (Book Club) ဥက္ကဋ္ဌ ဦးမြင့်သောင်းက အဖွင့်အမှာစကား ပြောကြားခဲ့ကာ မြို့နယ်ပြန်ကြားရေးနှင့် ပြည်သူ့ ဆက်ဆံရေးဦးစီးဌာန ဦးစီးအရာရှိ(တာဝန်ပေး) ဒေါ်ဆုလှိုင်က ပြပွဲနှင့်ပြိုင်ပွဲများ ကျင်းပပြုလုပ်ရခြင်း၏ ရည်ရွယ်ချက်များကို ရှင်းလင်းပြောကြားခဲ့ပြီး ပုံပြော၊ ကဗျာရွတ်၊ စာဖတ်စွမ်းရည်၊ ဉာဏ်စမ်း၊ ဆေးရောင်ခြယ်ပြိုင်ပွဲများကို ကျင်းပပြုလုပ်ခဲ့ကြရာ ကျောင်းသား၊ ကျောင်းသူကလေးငယ်(၁၅)ဦးတို့ ဝင်ရောက် ယှဉ်ပြိုင်ခဲ့ကြသလို (၇၅) နှစ်မြောက် စိန်ရတု ပြည်ထောင်စုနေ့ အထိမ်းအမှတ် နံရံကပ်စာစောင်များနှင့် ပြည်သူ့စာကြည့်တိုက်တွင် ခင်းကျင်းပြသထားသော စာအုပ် စာစောင်များကိုလည်း ဒုတိယမြို့နယ်အုပ်ချုပ်ရေးမှူး ဦးရဲလင်းနိုင်၊ စာပေချစ်မြတ်နိုးသူများအသင်း (Book Club) အဖွဲ့ဝင်များ၊ အမှတ်(၁)ရပ်ကွက် အခြေခံပညာမူလတန်းကျောင်းမှ ဆရာ၊ ဆရာမ များနှင့် ကျောင်းသား၊ ကျောင်းသူများက ကြည့်ရှုလေ့လာခဲ့ကြကြောင်းလည်း သိရသည်။
အဆိုပါ ပြိုင်ပွဲများနှင့်ပြပွဲများကို ထန်းတပင်မြို့နယ် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ အမှတ် (၁) ရပ်ကွက် အခြေခံပညာမူလတန်းကျောင်းနှင့် စာပေချစ်မြတ်နိုးသူများအသင်း (Book Club) အဖွဲ့ဝင်များ ပူးပေါင်း၍ ကျင်းပပြုလုပ်ခဲ့ကြခြင်းဖြစ်ကာ ပြိုင်ပွဲတွင်ဆုရရှိခဲ့ကြသည့် ကျောင်းသား၊ ကျောင်းသူများကိုလည်း တာဝန်ရှိသူများကဆုများ အသီးသီးပေးအပ်ချီးမြှင့်ခဲ့ကြပြီး ပြပွဲများနှင့်ပြိုင်ပွဲ များကိုလည်း ကျောင်းသား၊ ကျောင်းသူကလေးငယ် များအား စာကြည့်တိုက်နှင့် ရင်းနှီးမှုရှိစေရန်၊ ပြည်ထောင်စုနေ့နှင့် ပတ်သက်သည့် အကြောင်းအရာများကိုသိရှိစေရန်၊ အတွေးအခေါ်မြင့်မားလာစေပြီး စိတ်ကူးစိတ်သန်းများ ထက်မြက်လာစေရန်နှင့် လူအများဆွေးနွေးပြောဆိုသည့် အလေ့အထများရရှိလာ စေရန်ရည်ရွယ်၍လည်း ကျင်းပပြုလုပ်ခဲ့ကြခြင်း ဖြစ်ကြောင်း သိရသည်။
ဇင်မင်းထိုက်(ထန်းတပင်)