မိုင်းနောင် ဖေဖော်ဝါရီ ၆
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ လွိုင်လင်ခရိုင်၊ မိုင်းနောင်မြို့၊ ဝမ်စိမ်းကျေးရွာတွင် လားဟူရိုးရာ စုပေါင်း နှစ်သစ်ကူးပွဲတော်ကို လားဟူနှစ်ခြင်း ဘုရားကျောင်းဝင်းတွင် တပို့တွဲလဆန်း(၁)ရက်နေ့မှစ၍ ကျင်းပ ပြုလုပ်ခဲ့ကြောင်း သိရှိရသည်။
ယခုပြုလုပ်သည့် လားဟူရိုးရာ စုပေါင်း နှစ်သစ်ကူး ပွဲတော်သည်(၂၂)ကြိမ်မြောက်ပြုလုပ်သောပွဲတော် ဖြစ်ပြီး ဖိတ်ကြားထားသော ဧည့်သည်တော်များအား လားဟူစာပေနှင့်ယဥ်ကျေးမှု ဥက္ကဋ္ဌမှ ကြိုဆို နှုတ်ခွန်းဆက်စကား ပြောကြားခြင်း၊ လားဟူစာပေနှင့်ယဉ်ကျေးမှုအကြောင်း ရှင်းလင်းပြောကြားခြင်း၊ ဧည့်သည်တော်များအား ရေဖြင့်လက်ဆေးမင်္ဂလာ ဂါရဝပြုခြင်းနှင့် ရိုးရာလက်ဆောင်များ ပေးအပ်ခြင်း၊ လားဟူရိုးရာယဉ်ကျေးမှုအကဖြင့် ဧည့်ခံဖျော်ဖြေခြင်းများ ပြုလုပ်ခဲ့သည်။
ထိုသို့ဆောင်ရွက်ရာတွင် မိုင်းနောင်မြို့ အတွင်းရှိ ရပ်ကွက်များနှင့် ဝမ်စိမ်း၊ လုံယန်း၊ နမ့်မောဝ်း၊ နောင်အယ်၊ မိုင်းလင်း၊ မိုင်းယန်း ကျေးရွာများမှလားဟူ တိုင်းရင်းသားများက မိမိတို့၏ ရိုးရာ အစဉ်အလာများ မပျောက်ပျက်အောင် ထိန်းသိမ်းရေး၊ မိမိတို့ လူမျိုးအချင်းချင်း ချစ်ခင်ရင်းနှီးကာ ဘာသာ၊ စာပေယဉ်ကျေးမှုများကို အလေးအမြတ်ထား တန်ဖိုးထားတတ်စေရန်နှင့် မိဘဆရာသမားများ၊ သက်ကြီးရွယ်အိုများအား တစ်နှစ်တစ်ကြိမ်လက်ဆေး မင်္ဂလာဂါရဝပြု ကန်တော့ခြင်းများကို စုပေါင်းဆောင်ရွက်နိုင်ရန် ရည်ရွယ်၍ပြုလုပ်ခြင်းဖြစ်ကြောင်း သိရှိရသည်။
မနန်း(မိုင်းနောင်)