တောင်သာ ဩဂုတ် ၂၇
မန္တလေးတိုင်းဒေသကြီး၊ မြင်းခြံခရိုင်၊ တောင်သာမြို့နယ်တွင် ကိုဗစ်-၁၉ ကာလ CERP စီးပွားရေးကုစားမှုအစီအစဉ်ဖြင့် ၂၀၁၉-၂၀၂၀ ခုနှစ် မိုးစပါး မျိုးစေ့ထုတ်လုပ်ငန်းဆောင်ရွက်မည့် တစ်မိုက်သာကျေးရွာနှင့် ပုဒါတ်စာကုန်းကျေးရွာမှ (၅၄) ဦး၊ (၇၃ဒသမ၅၀) ဧကတို့အား မျိုးစေ့ဘိုးနှင့် အပင်ပြုစုခြင်း လုပ်အားခ ထောက်ပံ့ငွေများ ပေးအပ်ပွဲကို ယမန်နေ့ နံနက် (၁၀) နာရီအချိန်က စိုက်ပျိုးရေးဦးစီးဌာန မြို့နယ်ဦးစီးမှူးရုံး၌ ကျင်းပပြုလုပ်ခဲ့သည်။
အဆိုပါအခမ်းအနားတွင် မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ ဒုတိယမြို့နယ် အုပ်ချုပ်ရေးမှူး ဦးလှမျိုးနိုင်က အဖွင့်အမှာစကားပြောကြားခဲ့သည်။ မြင်းခြံခရိုင် စိုက်ပျိုးရေးဦးစီးဌာနမှ ခရိုင်ဦးစီးမှူး ဦးသိန်းဝင်းက ကိုဗစ်-၁၉ ကာလ CERP စီးပွားရေးကုစားမှုအစီအစဉ်၏ထောက်ပံ့မှုအရ ဆောင်ရွက်သော မိုးစပါးမျိုးစေ့ထုတ်တောင်သူများအား ထောက်ပံ့ငွေပေးအပ်သည့်ရည်ရွယ်ချက်များကို ရှင်းလင်းပြောကြားခဲ့သည်။ မြို့နယ်စိုက်ပျိုး ရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး ဒေါ်ခင်ဖြူမာက CERP အစီအစဉ်မှ စာချုပ်ပါအချက်အလက်များအား ရှင်းလင်း ဆွေးနွေးခဲ့သည်။
ထို့နောက် တောင်သာမြို့နယ်အတွင်း မိုးစပါးမျိုးစေ့ထုတ်လုပ်ငန်း ဆောင်ရွက်မည့် တစ်မိုက်သာကျေးရွာမှ တောင်သူ(၁၄)ဦး၊ ဧရာမင်း(၂၀)ဧက၊ တစ်ဧကလျှင် ငွေကျပ် (၈၅၅၀၀) နှုန်း၊ ပုဒါတ်စာကုန်းကျေးရွာမှ တောင်သူ(၄၀)ဦး၊ မနောသုခ(၅၃.၅၀)ဧက၊ တစ်ဧကလျှင် ငွေကျပ် (၈၃၅၀၀) နှုန်းဖြင့် စုစုပေါင်းတောင်သူ (၅၄)ဦး၊ (၇၃ဒသမ၅၀) ဧကကို တောင်သူများအား ဒုတိယမြို့နယ်အုပ်ချုပ်ရေးမှူးနှင့် ခရိုင်ဦးစီးမှူးဦးသိန်းဝင်းတို့မှ ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သိရသည်။
ကျော်မျိုးနိုင်(တောင်သာ)