သီပေါမြို့နယ်သစ်တောဦးစီးဌာနမှ ပြည်သူများထံသို့ အခမဲ့ဖြန့်ဝေပေးမည့် သစ်တောသစ်ပင်များနှင့် နှစ်ရှည်ပင်များ ပျိုးထောင်ထားရှိ

သီပေါ ဖေဖော်ဝါရီ ၆

၂၀၂၂ခုနှစ်၊ မိုးရာသီကာလတွင် ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ ကျောက်မဲခရိုင်၊ သီပေါမြို့နယ် ပတ်ဝန်းကျင်၌ စိမ်းလန်းစိုပြေရေး၊ သစ်တောသစ်ပင်များနှင့် နှစ်ရှည်ပင်များ ပိုမိုစိုက်ပျိုးနိုင်ရေးနှင့် သဘာဝ ပတ်ဝန်းကျင် ထိန်းသိမ်းစောင့်ရှောက်နိုင်စေရန် ရည်ရွယ်၍ မြို့နယ်သစ်တောဦးစီးဌာန မြို့မပျိုးဥယျာဉ်နှင့် ဇာတ်စုရပ်ကွက် ပျိုးဥယျာဉ်တို့တွင် ပျိုးပင်ပေါင်း(၄၉၂၀၀)ပင်ပျိုးထားကြောင်း သိရသည်။

ပြည်သူများထံဖြန့်ဝေမည့် နှစ်ရှည်ပင်များ ပျိုးထောင်ရာတွင် ဒေသရာသီဥတုနှင့် ကိုက်ညီသည့် အပင်များနှင့် ဒေသခံပြည်သူများစိုက်ပျိုးချင်သော အပင်များဖြစ်သည့် ကျွန်း ၊ မယ်ဇလီ ၊ မန်ဂျန်ရှား ၊ ယမနေ စသည့်အပင်ပေါင်း(၄၉၂၀၀)ကို ပျိုးထောင်ထားကြောင်း သိရသည်။

သီပေါမြို့နယ်အတွင်းရှိ ရပ်ကွက်၊ ကျေးရွာအုပ်စုများတွင် သဘာဝပတ်ဝန်းကျင် စိမ်းလန်းစိုပြေရေး၊ ရာသီဥတုပြောင်းလဲမှုကို ထိန်းညှိပေးနိုင်ရေးအတွက် ပျိုးထောင်ထားသော အပင်များကို ဒေသခံပြည်သူများ၊ ဌာနဆိုင်ရာများ၊ လူမှုအဖွဲ့အစည်းများ၊ အစုအဖွဲ့ပိုင်သစ်တောများတွင် စိုက်ပျိုးနိုင်ရန် အခမဲ့ဖြန့်ဝေ ပေးသွားမည် ဖြစ်ကြောင်း သီပေါမြို့နယ်သစ်တောဦးစီးဌာနမှ သိရသည်။

ခင်လေး (သီပေါ၊ပြန်/ဆက်)