အားကစားနှင့် ကာယပညာဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ် ဦးထွန်းမြင့်ဦး (၇၅) နှစ်မြောက် စိန်ရတု ပြည်ထောင်စုနေ့အကြို အထိမ်းအမှတ် ဖိတ်ခေါ်ပိုက်ကျော်ခြင်းပြိုင်ပွဲ ဖွင့်ပွဲ အခမ်းအနားသို့ တက်ရောက်

ဇမ္ဗူသီရိ ဖေဖော်ဝါရီ ၆

ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်၊ ဒက္ခိဏခရိုင်၊ ဇမ္ဗူသီရိမြို့နယ်၊ ဉာဏသိဒ္ဓိ ရပ်ကွက်၊ A-3000 ပိုက်ကျော်ခြင်းကလပ်တွင် ယမန်နေ့မွန်းလွဲပိုင်း (၃) နာရီအချိန်က (၇၅) နှစ်မြောက် စိန်ရတုပြည်ထောင်စုနေ့အကြို အထိမ်းအမှတ် ဖိတ်ခေါ်ပိုက်ကျော်ခြင်းပြိုင်ပွဲ ဖွင့်ပွဲအခမ်းအနားကျင်းပခဲ့ရာ အားကစားနှင့်ကာယပညာဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးထွန်းမြင့်ဦး၊ ဒုတိယညွှန်ကြားရေးမှူးချုပ် ဦးကျော်ဦး၊ လူထုအားကစားနှင့် ပညာပေး ဌာနခွဲ၊ ညွှန်ကြားရေးမှူး ဦးဌေးအောင်၊ ပြည်ထောင်စုနယ်မြေ ဒုတိယညွှန်ကြားရေးမှူး ဦးမျိုးသက်၊ ဇမ္ဗူသီရိမြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးနေမျိုးထွန်းနှင့် အဖွဲ့ဝင်များ၊ မြို့နယ်အားကစားမှူး၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးနှင့် ပိုက်ကျော်ခြင်း ဝါသနာရှင်များ တက်ရောက်ကြည့်ရှု အားပေးခဲ့ကြသည်။

ထို့နောက် မြို့နယ်အားကစားနှင့် ကာယပညာကော်မတီ ဥက္ကဋ္ဌ ဦးနေမျိုးထွန်းက အဖွင့်အမှာစကားပြောကြားရာတွင် ဇမ္ဗူသီရိမြို့နယ်တွင် ပြည်ထောင်စုနေ့အထိမ်းအမှတ် အဖြစ် ဖိတ်ခေါ်ပိုက်ကျော်ခြင်းပြိုင်ပွဲကို ၂၀၁၇ ခုနှစ်မှ စတင်၍ ကျင်းပပေးခဲ့တာဖြစ်ပြီး ယခုနှစ်မှာ ပဉ္စမအကြိမ်မြောက် ကျင်းပပေးခဲ့တာဖြစ်ပါကြောင်း၊ ယခုလိုပြိုင်ပွဲများ ကျင်းပ ပေးပြီး ထူးချွန်သောအားကစားသမားများကို ရွေးချယ်ကာ နေပြည်တော်ကောင်စီ ဥက္ကဋ္ဌ ဖလားပြိုင်ပွဲများကို ဝင်ရောက်ယှဉ်ပြိုင်သွားစေမှာဖြစ်ပါကြောင်း၊ နိုင်ငံတော်ရဲ့အားကစား အဆင့်အတန်း တိုးတက်မြင့်မားရေးလုပ်ငန်းများ အကောင်အထည်ဖော်ဆောင်ရွက်ရာမှာ ထူးချွန်ထက်မြတ်သော အားကစားလူငယ်များ ပေါ်ထွက်လာရေးကို အောက်ခြေ အဖွဲ့အစည်း အဆင့်ဆင့်ဖြစ်တဲ့ ကျေးရွာ၊ ရပ်ကွက်များမှ ရှာဖွေလေ့ကျင့်မွေးမြူပြီး မြို့နယ်အဆင့်၊ တိုင်းအဆင့်၊ နိုင်ငံလက်ရွေးစင်အဆင့် ရောက်ရှိအောင် သက်ဆိုင်ရာ တာဝန်ရှိသူများမှ ဆထက်ထမ်းပိုး ကြိုးစားပြီးဆောင်ရွက်သွားကြမှာ ဖြစ်ပါကြောင်း၊ ၂၀၂၂ ခုနှစ်၊ (၇၅) နှစ်မြောက် စိန်ရတု ပြည်ထောင်စုနေ့အကြို အထိမ်းအမှတ် ဖိတ်ခေါ်ပိုက်ကျော်ခြင်းပြိုင်ပွဲမှာ ပါဝင်ယှဉ်ပြိုင်ကြမည့် အားကစားသမားများ အနေဖြင့် လည်း ပြိုင်ပွဲကျင်းပသည့် ရည်ရွယ်ချက်အတိုင်း အားကစားသမားအချင်းချင်း ချစ်ကြည် ရင်းနှီးမှု ရရှိပြီး အားကစားလောက တိုးတက်ဖွံ့ဖြိုးရေး၊ ပြည်ထောင်စုစိတ်ဓါတ်၊ မျိုးချစ် စိတ်ဓါတ်ရှင်သန်ထက်မြတ်ရေး၊ အားကစားစိတ်ဓါတ်ရင့်သန်ခိုင်မာစေရေး နိုင်ငံတော်၏ ဂုဏ်ကို အားကစားဖြင့် မြှင့်တင်နိုင်ရေးတို့အတွက် ထူးချွန်ထက်မြတ်သော အားကစား သမားကောင်းများ ဖြစ်မြောက်အောင် အစွမ်းကုန်ကြိုးစားယှဉ်ပြိုင်သွားကြပါဟု ပြောကြား ခဲ့သည်။

ဆက်လက်၍ ပြိုင်ပွဲဝင်အားကစားသမားများက အားကစားသစ္စာအဓိဌာန် (၄) ချက် ရွတ်ဆိုခဲ့ကြသည်။ အဆိုပါ (၇၅) နှစ်မြောက် စိန်ရတု ပြည်ထောင်စုနေ့အကြို အထိမ်းအမှတ် ဖိတ်ခေါ်ပိုက်ကျော်ခြင်းပြိုင်ပွဲကို အသင်းပေါင်း (၁၂) သင်းဝင်ရောက် ယှဉ်ပြိုင်သွားကြမည်ဖြစ်ပြီး ဖေဖော်ဝါရီ ၅ ရက်နေ့မှ စတင်ကာ ဖေဖော်ဝါရီ ၈ ရက်နေ့ အထိ နေ့စဉ် မွန်းလွဲ (၃) နာရီအချိန်တိုင်း ယှဉ်ပြိုင်ကစား သွားကြမည်ဖြစ်ကြောင်း သိရှိ ရသည်။

မြို့နယ် (ပြန်/ဆက်)