ဟိုပန် ဖေဖော်ဝါရီ ၆
တရုတ်ပြည်သူ့သမ္မတနိုင်ငံမှ "ဝ" ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရတိုင်း၊ ဟိုပန်မြို့နယ်သို့ လှူဒါန်းထားသည့် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး (Sinopharm) ပဉ္စမအသုတ် (ပထမအကြိမ်) ထိုးနှံပြီးသည့် အသက်(၁၈)နှစ်အထက်ဒေသခံ ပြည်သူများအား ဒုတိယအကြိမ်အဖြစ် ပြည်သူ့ ကျန်းမာရေး ဝန်ထမ်းများက ယမန်နေ့ နံနက် (၉) နာရီ အချိန်က ရုံးကုန်းရပ်ကွက်ရှိ မြို့တော် ခန်းမစုရပ်နေရာ၌ ဆက်လက်ထိုးနှံပေးလျက်ရှိကြောင်း သိရသည်။
ကာကွယ်ဆေးထိုးနှံရာတွင် ဟိုပန်မြို့နယ်၊ စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ၊ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ်ကုသရေး လုပ်ငန်းကော်မတီဥက္ကဋ္ဌ ဦးရဲဝင်းထိုက်၏ စီစဉ်ကြီးကြပ်မှုဖြင့် ကော်မတီအဖွဲ့ဝင်များ၊ မီးသတ်တပ်ဖွဲ့ဝင်များ ၊ လူမှုရေးပရဟိတ အဖွဲ့ဝင်များ၊ ကျေးရွာ အုပ်ချုပ်ရေးမှူးနှင့် ရပ်ကျေးစာရေးများ ပါဝင်သည့် ပူးပေါင်းအဖွဲ့တို့က ဆေးလာရောက် ထိုးနှံသည့် ပြည်သူများကို ကျန်းမာရေးစစ်ဆေးမှုများပြုလုပ်ခြင်း၊ စာရင်းအချက်အလက်များ ကောက်ယူခြင်း၊ ကိုယ်ပူချိန်တိုင်းတာခြင်းများနှင့် ကာကွယ်ဆေးထိုးနှံပြီးချိန်တွင် ခေတ္တ အနားယူစေခြင်းစသည့် လိုအပ်သည့် ကျန်းမာရေးစောင့်ရှောက်မှုများကို ပူးပေါင်း ကူညီဆောင်ရွက်ပေးခဲ့ကြကြောင်း သိရသည်။
ဟိုပန်မြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး (Sinopharm) ပဉ္စမအသုတ် (ဒုတိယအကြိမ်) ထိုးနှံရန်ကျန်ရှိသည့် ဒေသခံပြည်သူများအား သက်ဆိုင်ရာ စုရပ်နေရာ အသီးသီးသို့ ကွင်းဆင်းသွားရောက်၍ ဆက်လက်ထိုးနှံပေး သွားမည်ဖြစ်ကြောင်း ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ်ကုသရေးလုပ်ငန်းကော်မတီထံမှ သိရှိရသည်။
ဇင်ဇင်(ပြန်/ဆက်)