ကျောက်ဆည် ဖေဖော်ဝါရီ ၆
မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်မြို့နယ်တွင် သီးနှံမျိုးစုံ(၁၀၉၉၇)ဧကအား သတ်မှတ်ရေပမာဏ ပြည့်ဝစွာပေးနိုင်ရေးအတွက် ၂၀၂၁-၂၀၂၂ ဘဏ္ဍာနှစ်တွင် သင်းတွဲမြောင်းအတွင်း ပို့ကျနေသောသဲနုန်းများအား မြို့နယ်ဆည်မြောင်းနှင့်ရေအသုံးချမှုစီမံခန့်ခွဲရေးဦးစီးဌာနမှ တာဝန်ယူပြီး တူးဖော်ပေးလျက်ရှိကြောင်း သိရှိရသည်။
လုပ်ငန်းများဆောင်ရွက်ရာတွင် မန္တလေးတိုင်းဒေသကြီး ခွင့်ပြုရန်ပုံငွေကျပ် (၅၂.၂)သန်း အကုန်အကျ ခံကာ မြောင်းအရှည်(၇၃၀၀၀)ပေ အတွင်းမှ သဲနုန်းကျင်းပေါင်း(၃၆၀၀၀)ကျင်းအား သတ်မှတ်အချိန်ကာလ ပြီးစီးစေရေးအတွက် စက်ယန္တရားကြီးများ အသုံးပြုကာ စတင်တူးဖော်ပေးလျက်ရှိကြောင်း သိရှိရသည်။
အဆိုပါလုပ်ငန်းများ ပြီးစီးသွားပါက သင်းတွဲမြောင်းမှ သီးနှံမျိုးစုံ(၁၀၉၉၇)ဧကအတွက် စိုက်ပျိုးရေများပေးဝေရာတွင် ရေစီးရေလာ အဟန့်အတားမရှိ သတ်မှတ်ရေပမာဏပြည့်ဝစွာ ရေများပေးဝေ နိုင်မည်ဖြစ်ကြောင်းနှင့် ကျောက်ဆည်မြို့နယ်ဆည်မြောင်းနှင့်ရေအသုံးချမှု စီမံခန့်ခွဲရေး ဦးစီးဌာနအနေဖြင့် သီးနှံများစိုက်ပျိုးရာတွင် ရေအလေအလွင့် နည်းပါးစွာဖြင့် စိုက်ပျိုးရေများပြည့်ဝစွာပေးဝေနိုင်ရေးအတွက် ဘဏ္ဍာနှစ်အလိုက် ခွင့်ပြုရန်ပုံငွေများဖြင့် မြောင်းများပြန်လည်ပြုပေးခြင်း၊ ရေပေးပြွန်များ အသစ်ပြောင်းလဲ တပ်ဆင်ပေးခြင်း၊ ရေကျအဆောက်အအုံများနှင့် ရေတံခါးများ ပြန်လည်ပြုပြင်ပေးခြင်းလုပ်ငန်းများ ဆောင်ရွက် ပေးလျက် ရှိကြောင်း သိရှိရသည်။
သက်မောင်(ကျောက်ဆည်)