မိုးညှင်း ဖေဖော်ဝါရီ ၆
ကချင်ပြည်နယ် မိုးညှင်းခရိုင် မိုးညှင်းမြို့တွင် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး Covishield နှစ်ကြိမ် ထိုးနှံပြီးသူ နိုင်ငံ့ဝန်ထမ်းများ အား ထပ်ဆောင်းကာကွယ်ဆေး COVAXIN ကို ဖေဖော်ဝါရီလ (၄) ရက် နံနက်(၈)နာရီမှ မွန်းတည့်(၁၂)နာရီထိ စိမ်းလဲ့ရတနာခန်းမ၌ ထိုးနှံပေးခဲ့သည်။
အဆိုပါဆေးထိုးနှံပေးရာတွင် မြို့နယ်ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ်ရေးနှင့် အရေးပေါ် တုံ့ပြန်ရေးကော်မတီ၏ ကြီးကြပ်မှုဖြင့် ကျန်းမာရေးဝန်ထမ်းများက ကာကွယ်ဆေးမထိုးနှံမီ အမည်စာရင်းရေးသွင်းခြင်း၊ ကိုယ်အပူချိန်တိုင်းခြင်းနှင့် သွေးပေါင်ချိန် တိုင်းပေးခြင်း စသည့်ကျန်းမာရေးစစ်ဆေးမှုများပြုလုပ်ပြီး ကိုဗစ်-၁၉ ရောဂါ စည်းကမ်းချက်များနှင့်အညီ စနစ်တကျ ထိုးနှံပေး လျက်ရှိသည်။
ထိုသို့ ကိုဗစ်-၁၉ ရောဂါ ထပ်ဆောင်းကာကွယ်ဆေး ထိုးနှံပေးရာတွင် နိုင်ငံ့ဝန်ထမ်းများ ဖြစ်ကြသည့် ကျန်းမာရေးဝန်ထမ်း (၇၅) ဦး၊ ရဲတပ်ဖွဲ့ဝင်(၃၀)ဦးနှင့် ပညာရေးဝန်ထမ်း(၂၆၀)ဦး စုစုပေါင်း (၃၆၅) ဦးတို့ကို ထိုးနှံပေးခဲ့ကြောင်း သိရသည်။
ဇွဲသူရအောင်(ပြန်/ဆက်)