တာချီလိတ် ဩဂုတ် ၂၇
ရှမ်းပြည်နယ်(အရှေ့ပိုင်း) တာချီလိတ်မြို့ ခရိုင်ပြည်သူ့ဆေးရုံဟောင်းဝင်းတွင် ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ ဆုံဆို့နာရောဂါ ကာကွယ်ဆေးဖြည့်စွက် ထိုးနှံခြင်းလုပ်ငန်း ဆောင်ရွက်ရန်အတွက် ဆွေးနွေးမှုများကို ယမန်နေ့က ပြုလုပ်ခဲ့ကြောင်း သိရသည်။
ဆွေးနွေးခြင်း အခမ်းအနားသို့ ခရိုင်အုပ်ချုပ်ရေးမှူး ဦးမြင့်နိုင်၊ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးချမ်းမြေ့စောနှင့် အမျိုးသမီး ရေးရာ အဖွဲ့၊ မိခင်ကလေး စောင့်ရှောက်ရေးအသင်း၊ မီးသတ်၊ ကြက်ခြေနီ၊ လူမှုကူညီရေးအသင်းအဖွဲ့များ ကျန်းမာရေး ဝန်ထမ်းများ တက်ရောက်ခဲ့ကြသည်။
အခမ်းအနားတွင် ခရိုင်ပြည်သူ့ကျန်းမာရေးမှူး ဒေါက်တာခင်အောင်က အမှာစကား ပြောကြားခဲ့ပြီး ကလေးအထူးကု ဆရာဝန်မှ ဆုံဆို့ရောဂါနှင့် ပတ်သက်၍ ရှင်းလင်း ပြောကြား ခဲ့သည်။
ထို့နောက် ဆရာဝန်တစ်ဦးမှ ဆက်လက်၍ ရပ်ကွက်များတွင် လုပ်ငန်းဆောင်ရွက်ရာ၌ လူစုလူဝေး ဖြစ်ပေါ်စေခြင်းမှ ရှောင်ရှားနိုင်ရန် နည်းလမ်းများ၊ အစီအစဉ်များကို ရှင်းလင်း ပြောကြားခဲ့သည်။
တာချီလိတ်မြို့တွင် လတ်တစ်လောအချိန်ထိ ဆုံဆို့နာရောဂါ ကူးစက်ခံရသူ လေးဆယ့်ငါးဦး ရှိခဲ့ပြီး ရောဂါကြောင့် သေဆုံးသူခြောက်ဦးရှိကြောင်း ကာကွယ်ဆေးများ ထိုးနှံခြင်းကို ဩဂုတ် ၂၇ ရက်နေ့ မနက် ၉ နာရီအချိန်မှ စတင်ထိုးနှံပေးသွားမည်ဖြစ်ပြီးခရိုင်အတွင်းရှိ မြို့နယ်များနှင့် ရပ်ကွက်/ကျေးရွာများတွင် တစ်ချိန်တည်းထိုးနှံပေးသွား မည်ဖြစ်ကြောင်း သိရသည်။ လုပ်ငန်းများ ဆောင်ရွက်ရာတွင် လူစုလူဝေးဖြစ်စေခြင်းမှ ရှောင်ရှားနိုင်ရန် အစုအဖွဲ့(၄၂)စု ဖွဲ့စည်း ဆောင်ရွက်သွားရန်နှင့် အသက် ၁၅ နှစ်အောက် ကလေး (၁၂၀၀၀)ကျော်ကို ထိုးနှံပေး သွားမည်ဖြစ်ကြောင်း သိရသည်။
ယာဆေး(ပြန်/ဆက်)