ရှမ်းပြည်နယ် လူမှုရေးရာဝန်ကြီး ဦးအောင်မြင့် ဟိုပုံးမြို့နယ် ပန်းခင်းစီမံချက်ဖြင့် အိမ်ထောင်စု လူဦးရေစာရင်းနှင့် နိုင်ငံသားစိစစ်ရေးကတ်ပြားများ ကွင်းဆင်းဆောင်ရွက်ပေးနေမှုအခြေအနေများကို ကြည့်ရှုစစ်ဆေး

ဟိုပုံး   ဖေဖော်ဝါရီ ၆

ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ဟိုပုံးမြို့နယ်တွင် အိမ်ထောင်စု လူဦးရေစာရင်းနှင့် နိုင်ငံသားစိစစ်ရေးကတ်ပြားများ မပြုလုပ်ရသေးသည့် ပြည်သူများအား ရပ်ကွက်/ ကျေးရွာအုပ်စု အရောက်ကွင်းဆင်းဆောင်ရွက်ပေးလျက်ရှိရာ ယနေ့နံနက်(၁၀)နာရီ အချိန်က နောင်တောင်းပရဟိတတပ်ဦးကျောင်းတွင် ကွင်းဆင်းဆောင်ရွက်ပေးခဲ့ကြောင်းသည်။

ရှေးဦးစွာ ရှမ်းပြည်နယ် လူမှုရေးရာဝန်ကြီး ဦးအောင်မြင့်၊ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ စီမံအုပ်ချုပ်ရေးအဖွဲ့ အဖွဲ့ဝင် ဦးနေမျိုးလှိုင်၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးမြင့်ထွန်းနှင့် အဖွဲ့ဝင် များ၊ ဌာနဆိုင်ရာများက ဒေသခံပြည်သူများအား ပန်းခင်းစီမံချက်နှင့် ပတ်သက်၍ ရှင်းလင်း ပြောကြား ပြီးနောက် အိမ်ထောင်စုလူဦးရေစာရင်းနှင့် နိုင်ငံသားစိစစ်ရေး ကတ်ပြားများဆောင်ရွက်နေမှု အခြေ အနေများကို ကြည့်ရှုစစ်ဆေးခဲ့ကြပြီး ရှမ်းပြည်နယ် လူမှုရေးရာဝန်ကြီး ဦးအောင်မြင့်မှ တက်ရောက် လာသည့် ကျောင်းသား/သူများနှင့် ဒေသခံပြည်သူများအား ရင်းရင်းနှီးနှီး တွေ့ဆုံကာ လိုအပ်သည်များ ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးခဲ့သည်။ ဆက်လက်၍  လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အား ဝန်ကြီးဌာန၊ ဟိုပုံးမြို့နယ် ဦးစီးမှူးရုံးမှ ဦးစီးအရာရှိ ဦးကိုကိုလင်းနှင့် ဝန်ထမ်းများက နောင်တောင်း ပရဟိတတပ်ဦးကျောင်းရှိ ကျောင်းသား/ကျောင်းသူများ၊ ဒေသခံပြည်သူ များအား နိုင်ငံသားစိစစ်ရေး ကတ်ပြားပြုလုပ်ပေးခြင်း၊ နိုင်ငံသားစိစစ်ရေးကတ်ပြားလဲလှယ်ပေးခြင်း၊ ပျက်စီး/ ပျောက်ဆုံးသူများကို မိတ္တူပြုလုပ်ပေးခြင်းနှင့် အိမ်ထောင်စုဆိုင်ရာမွေးဖွားသေဆုံး ပြောင်းဝင်၊ ပြောင်းထွက် အိမ်ထောင်စု လူဦးရေစာရင်းများကို ကွင်းဆင်းဆောင်ရွက်ပေးပြီး ပန်းခင်းစီမံချက်နှင့် ပတ်သက်၍ လက်ကမ်းစာ စောင်များ ဖြန့်ဝေပေးခဲ့ကြသည်။

အဆိုပါ ပန်းခင်းစီမံချက်ဖြင့် ရပ်ကွက်/ကျေးရွာအုပ်စုများသို့ အိမ်ထောင်စုလူဦးရေစာရင်းနှင့် နိုင်ငံသားစိစစ်ရေးကတ်ပြားများကွင်းဆင်းဆောင်ရွက်ပေးခြင်းကို ၂၀၂၁ ခုနှစ်၊ မေလ(၃)ရက်နေ့မှ ၂၀၂၂ ခုနှစ်၊ နိုဝင်ဘာလ(၃)ရက်နေ့အထိဆောင်ရွက်သွားမည်ဖြစ်ရာ ပြည်သူများကျယ်ကျယ်ပြန့်ပြန့် သိရှိနိုင်စေရန်အတွက် ဗီနိုင်းပိုစတာများစိုက်ထူခြင်း၊ အသိပညာပေးဆွေးနွေးခြင်း၊ လက်ကမ်းစာစောင် များဖြန့်ဝေခြင်းစသည့် အသိပညာပေးလုပ်ငန်းများကို စဉ်ဆက်မပြတ်ဆောင်ရွက်လျက်ရှိကြောင်း လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန၊ မြို့နယ်ဦးစီးမှူးရုံးမှ သိရသည်။

ပအိုဝ်းဒေသ(ပြန်/ဆက်)