COVISHIELD နှစ်ကြိမ်ထိုးနှံပြီးသော အသက် (၅၀) အထက် နိုင်ငံ့ဝန်ထမ်းများအား  Booster Dose ကိုဗစ်-၁၉ ကာကွယ်ဆေး ထိုးနှံပေး

တွံတေး      ဖေဖော်ဝါရီ    ၆

ရန်ကုန်တိုင်းဒေသကြီး၊ တွံတေးမြို့နယ်တွင် COVISHIELD နှစ်ကြိမ် ထိုးနှံပြီးသော အသက် (၅၀) အထက် နိုင်ငံ့ဝန်ထမ်းများအား Booster Dose ကိုဗစ်-၁၉ ကာကွယ်ဆေးကို ယမန်နေ့ နံနက် ၉ နာရီမှ စတင်ကာ တွံတေးမြို့ ပြည်သူ့ဆေးရုံ၌ စတင်ထိုးနှံပေးခဲ့ကြောင်းသိရသည်။

တွံတေးမြို့နယ်အတွင်းရှိ COVISHIELD နှစ်ကြိမ်ထိုးနှံပြီး အသက် (၅၀) နှစ်အထက်ရှိသော နိုင်ငံ့ဝန်ထမ်းများအား Booster Dose ကိုဗစ်-၁၉ ကာကွယ်ဆေး ဆက်လက်ထိုးနှံပေးရာ ကာကွယ်ဆေး ထိုးနှံရန်လာရောက်ကြသော ပြည်သူများအား ကာကွယ်ဆေး ထိုးနှံခြင်းမပြုမီ ကျန်းမာရေး ဝန်ထမ်းများနှင့်မြို့နယ် ကိုဗစ်-၁၉ရောဂါ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေးနှင့် အရေးပေါ်တုန့်ပြန်ရေးလုပ်ငန်း ကော်မတီအဖွဲ့များ၊ မြန်မာနိုင်ငံကြက်ခြေနီတပ်ဖွဲ့ဝင်များ၊ Volunteer များက ကိုယ်အပူချိန်တိုင်းတာပေးခြင်း၊ သွေးပေါင်ချိန်တိုင်းတာပေးခြင်း၊ သွေးအတွင်း အောက်ဆီဂျင်ပါဝင်မှု ပမာဏတိုင်းတာပေးခြင်းတို့ကို ဆောင်ရွက်ပေးပြီး ပုံမှန်အနေအထားရှိမှသာ ကာကွယ် ဆေးထိုးနှံပေးခြင်းဖြစ်ကာ ဆေးထိုးနှံပြီးရာတွင်လည်း မိနစ်(၃၀) အကြာ စောင့်ကြည့်ပြီးမှ ပြန်လည်ထွက်ခွာခွင့်ပြုကြောင်းသိရသည်။

တွံတေးမြိုနယ်တွင် အသက် (၁၈) နှစ်အထက် ကာကွယ်ဆေးထိုးရန် အကျုံးဝင်သည့် လျာထားဦးရေမှာ (၁၄၇၄၃၆) ဦး ရှိပြီး ဖေဖော်ဝါရီ ၃ ရက်နေ့အထိ ပထမအကြိမ် ယခင်ထိုးနှံပြီးသူ( ၁၁၇၂၉)ဦး၊ ယခင်ဒုတိယအကြိမ် ထိုးနှံပြီးသူ( ၉၀၁၃၄)ဦး ရှိကာ ကာကွယ်ဆေးလုံးဝမထိုးရသေးသည့်လူဦးရေမှာ (၄၅၅၇၃) ကျန်ရှိနေသေးကြောင်း သိရသည်။

ယမန်နေ့တွင် အသက် (၅၀)နှစ်အထက် နိုင်ငံဝန်ထမ်း (၁၃၆) ဦးကို Booster Dose ကိုဗစ်ရောဂါ ကာကွယ်ဆေးထိုးနှံပေးခဲ့ကြောင်း သိရသည်။

တွံတေးသား