တာမွေမြို့နယ်တွင် အားကစားဆိုင်ရာ အသိပညာပေး ဟောပြောပွဲ၊ သရုပ်ပြပွဲနှင့် အားကစားပစ္စည်းများ ပေးအပ်လှူဒါန်းပွဲကျင်ပ

ရန်ကုန်     ဖေဖော်ဝါရီ    

ရန်ကုန်တိုင်းဒေသကြီး ရန်ကုန်အရှေ့ပိုင်းခရိုင် တာမွေမြို့နယ်အတွင်းရှိ ကျောင်းသား/သူလေးများအား ကျန်းမာကြံ့ခိုင်သည့် လူ့စွမ်းအား အရင်းအမြစ်များအဖြစ် ပေါ်ထွန်းလာစေရန်နှင့် အားကစားလှုပ်ရှားမှု ပြုလုပ်ခြင်းမှ ရရှိနိုင်သည့် ကျန်းမာရေးအကျိုးကျေးဇူးများအကြောင်းကို ကျယ်ကျယ်ပြန့်ပြန့် သိရှိပြီး အားလပ်ချိန်များတွင် အားကစားလှုပ်ရှားမှု တစ်ခုခုကို ပြုလုပ်လာနိုင်စေရန် ရည်ရွယ်၍ ယနေ့မွန်းလွဲပိုင်းအချိန်က မြို့နယ်အားကစားနှင့် ကာယပညာဦးစီးဌာနနှင့် မြို့နယ်ပညာရေးဌာနတို့ ပူးပေါင်းပြီး တာမွေမြို့နယ်ရှိ အမှတ်(၂)အခြေခံပညာ အလယ်တန်း ကျောင်းတွင် အားကစားဆိုင်ရာ အသိပညာပေး ဟောပြောပွဲ၊ သရုပ်ပြပွဲနှင့် အားကစားပစ္စည်းများ ပေးအပ်လှူဒါန်းပွဲ အခမ်းအနားကို ကျန်းမာရေးဝန်ကြီးဌာနမှ ထုတ်ပြန်ထားသည့် ကိုဗစ်-၁၉ ရောဂါ ကြိုတင်ကာကွယ်ရေး လမ်းညွှန်ချက်များနှင့်အညီ ကျင်းပပြုလုပ်ခဲ့သည်။

အခမ်းအနားတွင် တာမွေမြို့နယ် ပညာရေးမှူး ဒေါ်ခင်စမ်းရီမှ  အားကစားဆိုင်ရာ အသိပညာပေး ဟောပြော ပွဲ၊ သရုပ်ပြပွဲနှင့် အားကစားပစ္စည်းများ ပေးအပ်လှူဒါန်းပွဲ ကျင်းပရခြင်း၏ ရည်ရွယ်ချက်အား ရှင်းလင်းပြောကြားခဲ့ပြီး မြို့နယ်အားကစားနှင့်ကာယပညာဦးစီးဌာနမှ မြို့နယ်တာဝန်ခံ ဦးဇော်မြင့်ထွန်းမှ အားကစားလှုပ်ရှားမှုဆိုတာ လူကြီး၊ လူလတ်၊ လူငယ် အရွယ်သုံးပါးမရွေး ပြုလုပ်နိုင်ပါကြောင်း၊ အရွယ်သုံးပါးမရွေး ကစားနိုင်သည့် အားကစားနည်းများစွာ ရှိပါကြောင်း၊ အားကစားလှုပ်ရှားမှု တစ်ခုခုကို နေ့စဉ်ပုံမှန်ပြုလုပ်သင့်ပါကြောင်း၊ အားကစားလှုပ်ရှားမှု ပြုလုပ်ခြင်းမှာ ကျန်းမာရေးကိုလည်း များစွာ အထောက်အကူပြုပါကြောင်း၊ အားကစားနည်းများကို ပြုလုပ်သည့်အခါမှာလည်း နည်းစနစ်ကျဖို့ များစွာလိုအပ်ပါကြောင်း ၊ အားကစားနည်းများကို နည်းစနစ်ကျကျ ကစားမှသာလျှင် ရောဂါဘယ ကင်းဝေးပြီး ကျန်းမာကြံ့ခိုင်သည့် ကိုယ်ခန္ဓာကို ရရှိနိုင်မည်ဖြစ်ပါကြောင်း စသည်ဖြင့် အသိပညာပေး ရှင်းလင်း ဟောပြောခဲ့သည်။ ဆက်လက်၍ မြို့နယ်အတွင်းရှိ အခြေခံပညာကျောင်းများမှ တိုက်ကွမ်ဒိုအားကစားသမားလေး များက တိုက်ကွမ်ဒိုအားကစားနည်းကို သရုပ်ပြ ကစားခဲ့ကြပြီး သက်ဆိုင်ရာတာဝန်ရှိသူများက ဂုဏ်ပြုဆုငွေများ ချီးမြှင့်ခဲ့ကြသည်။ ထို့နောက် မြို့နယ်အားကစားနှင့်ကာယပညာဦးစီးဌာနမှ တာမွေမြို့နယ်ရှိ အမှတ်(၂)အခြေခံပညာ အလယ်တန်းကျောင်းအတွက် လိုအပ်သော အားကစားပစ္စည်းများကို ပေးအပ်လှူဒါန်းရာ ကျောင်းအုပ်ဆရာမကြီးက လက်ခံရယူခဲ့ပြီး ကျေးဇူးတင်စကား ပြန်လည်ပြောကြားခဲ့သည်။ ယင်းနောက် အခမ်းအနားသို့ တက်ရောက်လာကြ သူများသည် တိုက်ကွမ်ဒို အားကစားသမားလေးများနှင့်အတူ  အမှတ်တရ စုပေါင်းမှတ်တမ်းတင် ဓာတ်ပုံရိုက်ခဲ့ ကြသည်။

အခမ်းအနားသို့ တာမွေမြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ မြို့နယ်အဆင့်ဌာနဆိုင်ရာများ၊ မြို့နယ်အားကစားနှင့် ကာယပညာဦးစီးဌာနမှ တာဝန်ရှိသူများ၊ မြို့နယ်ပညာရေးဌာနမှ တာဝန်ရှိသူများ၊ ဆရာ/ ဆရာမများနှင့် ကျောင်းသား/ကျောင်းသူများ၊ ဖိတ်ကြားထားသော ဧည့်သည်တော်များ တက်ရောက်ခဲ့ကြကြောင်း သတင်းရရှိပါသည်။

နိုင်လင်းအောင်(တာမွေ)