မိတ္ထီလာ၊ ဖေဖော်ဝါရီ ၆
မိတ္ထီလာမြို့နယ်အပူပိုင်းဒေသစိမ်းလန်းစိုပြည်ရေးဦးစီးဌာနမှ ကျေးလက်နေပြည်သူများနှင့် ၎င်းတို့ မွေးမြူထားသော တိရစ္ဆာန်များ သောက်သုံးရေ အဆင်ပြေစေရေး ကျီကုန်းကျေးရွာတွင် အကောင်အထည် ဖော်ဆောင် ရွက်လျက်ရှိသည့် မြကန်သာ မြေသားရေကန် တူးဖော်ခြင်းလုပ်ငန်း ရာနှုန်းပြည့် ပြီးစီးဖြစ် ကြောင်း သိရသည်။
အပူပိုင်းစိမ်းလန်းစိုပြည်ရေးဦးစီးဌာန၊ မိတ္ထီလာမြို့နယ်အနေဖြင့် မြန်မာနိုင်ငံအလယ်ပိုင်း ပူပြင်းခြောက်သွေ့မိုးနည်းရပ်ဝန်းဒေသတွင် သဘာဝ ပတ်ဝန်းကျင်ထိန်းသိမ်းရေး၊ ကျေးလက်နေပြည်သူများ၏ အခြေခံသစ်တောထွက်ပစ္စည်းများ ဖြည့်ဆည်းပေးရန်၊ အပူပိုင်းဒေသ စိမ်းလန်းစိုပြည်သာယာလှပစေရန်နှင့် ရာသီဥတုမျှတကောင်းမွန်လာခြင်းဖြင့် စိုက်ပျိုးရေးကိုအထောက်အကူဖြစ်စေရန်အတွက် သစ်တောစိုက်ခင်း များ တည်ထောင်ခြင်း၊ သဘာဝတောကျန်များ ထိန်းသိမ်းကာကွယ်ခြင်း၊ ထင်းအစား စိုက်ပျိုးရေးစွန့်ပစ် ပစ္စည်းများကို ကျယ်ကျယ်ပြန့်ပြန့် အသုံးချသွားစေရန်နှင့် ရေရရှိရေးလုပ်ငန်းများကို အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိလျက်ရှိသည်။
ထိုသို့ဆောင်ရွက်လျက်ရှိရာမှ ၂၀၂၁-၂၀၂၂ခု ခြောက်လ ဘဏ္ဍာရေးနှစ်တွင် ရေရရှိရေးလုပ်ငန်း အနေဖြင့် သီးပင်ကုန်းကျေးရွာအုပ်စု ကျီကုန်းကျေးရွာရှိ ကျေးရွာနေပြည်သူများနှင့် ၎င်းတို့ မွေးမြူထားသော တိရစ္ဆာန်များ သောက်သုံးရေအဆင်ပြေစေရေး ကျေးရွာ၏ မြောက်ဘက်တွင် အလျား ပေ ၁၀၀ ၊ အနံ ပေ ၅၀ ၊ အနက် ၆ ပေရှိ မြကန်သာ မြေသားရေကန် တူးဖော်ခြင်းလုပ်ငန်းကို ဒီဇင်ဘာလ စတုတ္ထအပတ်မှ စတင်၍ တူးဖော်ဆောင်ရွက်လျက်ရှိရာ ၎င်းမြေသားရေကန်တူးဖော်ခြင်းလုပ်ငန်းမှာ ရာနှုန်းပြည့်ပြီးစီးပြီဖြစ် သည်။ အဆိုပါ မြကန်သာ မြေသားရေကန် ရေရှည်တည်တံ့စေရေးအတွက် ရေကန်ထိန်းသိမ်းစောင့်ရှောက် ရန် ကော်မတီဖွဲ့စည်းထားရှိသည့်အပြင် ရေကန်အတွင်း ရေဝင်လမ်းကြောင်းတွင် နုန်းအနည်အနှစ်များအား ကန်အတွင်း ဝင်ရောက်ခြင်း နည်းပါးစေရန်အတွက် အလျား ၈ ပေ၊ အနံ ၈ ပေ ၊ အနက် ၅ ပေရှိ နုန်းစစ်ကန် တစ်ကန်ကို တူးဖော်ဆောင်ရွက်ထားရှိကြောင်း သိရသည်။
သိန်းမြင့်ကျော်