ခရမ်း ဩဂုတ် ၂၇
ရန်ကုန်တောင်ပိုင်းခရိုင်၊ ခရမ်းမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေး ဦးစီးဌာနနှင့် စာအုပ်စာစောင် ချစ်မြတ်နိုးသူ များအသင်း Book Club နှင့် Women Club အဖွဲ့တို့ ပူးပေါင်း၍ စာရေးဆရာ အောင်သင်း၏ “နှလုံးသားကို လေးပေါ်တင်၍ ပစ်သောအခါ” စာအုပ်ဖြင့် စာဖတ်ဝိုင်း ပြုလုပ်ခြင်းကို ယမန်နေ့ မွန်းလွဲ(၂)နာရီက လူထုအခြေပြု ဗဟိုဌာန Community centre ခန်းမ၌ ကျင်းပခဲ့သည်။
ရှေးဦးစွာ ခရမ်းမြို့နယ်၊ ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး ဒေါ်ခင်နှင်းဝေက ကိုဗစ်-၁၉ ရောဂါ ဖြစ်ပွားနေသည့် ကာလအတွင်း ခေတ္တ ရပ်နားထားသည့် စာဖတ်ဝိုင်းများကို ယခုအခါတွင် ကျန်းမာရေးနှင့် အားကစား ဝန်ကြီးဌာန၏ ကိုဗစ်-၁၉ ကာကွယ်ရေး လမ်းညွှန်ချက်များနှင့်အညီ ပြန်လည်ဆောင်ရွက်ခြင်းဖြစ်ကြောင်းနှင့် စာပေ ဖတ်ရှု ဆွေးနွေးသည့် အလေ့အကျင့်များ ရရှိစေရန်နှင့် အသိပညာ တိုးပွားစေရန်ရည်ရွယ်၍ကျင်းပခြင်း ဖြစ် ကြောင်း ရှင်းလင်းပြောကြားသည်။
ဆက်လက်၍ (Women Club) အဖွဲ့ဝင် ဒေါ်မြမြအေးက စာရေးဆရာ အောင်သင်း၏ “နှလုံးသားကို လေးပေါ်တင်၍ ပစ်သောအခါ” စာအုပ်ပါ အကြောင်းအရာ အကျဉ်းချုပ်ကို ဦးဆောင် ဆွေးနွေးခဲ့ကြပြီး အဖွဲ့ဝင်များဖြစ်ကြသည့် မအေးချယ်ရီဝင်းနှင့် မစုမြတ်နိုးတို့က စာရေးဆရာ၏ ရည်ရွယ်ချက်နှင့် စာအုပ်ပါအကြောင်းအရာများကို မိမိတို့ ဖတ်ရှု ရသည့် အချက်အလက်များအား အပြန်အလှန်ဆွေးနွေးခဲ့ကြကြောင်းသိရသည်။
ထို့နောက် ဗဟုသုတရရှိစေရန်အတွက် ခင်းကျင်းပြသထားသော လူကုန်ကူးမှုပပျောက်ရေး နံရံကပ် စာစောင်များနှင့် ကိုဗစ်-၁၉ ရောဂါဆိုင်ရာ အသိပညာပေး နံရံကပ် စာစောင်များကို စာပေ ဝါသနာရှင်များက လေ့လာဖတ်ရှု ခဲ့ကြကြောင်း သိရသည်။
ကိုမင်း (ခရမ်း)