ချောင်းဆုံမြို့နယ်တွင် (၆၆) ကြိမ်မြောက် ပရိယတ္တိ မွန်−မြန်မာ နှစ်ဘာသာ ရေးဖြေစာမေးပွဲကျင်းပ

ချောင်းဆုံ   ဖေဖော်ဝါရီ    ၆      

မွန်ပြည်နယ်၊ (ဘီလူးကျွန်း)၊ ချောင်းဆုံမြို့နယ်လုံးဆိုင်ရာ သံဃာ့ဂိုဏ်းပေါင်းစုံ ပရိယတ္တိဟိတကာရီအဖွဲ့မှ ကြီးမှူးကျင်းပသည့် (၆၆) ကြိမ်မြောက် ပရိယတ္တိ မွန်−မြန်မာ နှစ်ဘာသာရေးဖြေ စာမေးပွဲကြီးကို ဖေဖော်ဝါရီလ ၄ ရက်နေ့က ချောင်းဆုံအနောက်ပိုင်းရပ်ကွက် ပရိယတ္တိဟိတကာရီဓမ္မာရုံ တွင်  စတင်ကျင်းပခဲ့ပြီး ယနေ့တွင် (ဒုတိယနေ့) ဆက်လက်ဖြေဆိုလျက်ရှိကြောင်း သိရသည်။

ဗုဒ္ဓမြတ်စွာဘုရား၏ ပရိယတ္တိသာသနာတော် ရေရှည်တည်တံ့ခိုင်မြဲရေး၊ သာသနာတော် စည်ပင်ပြန့်ပွားရေးနှင့် မြို့နယ်အတွင်းရှိ သံဃာတော်များ၏ပရိယတ္တိ အရည်အချင်း မြင့်မားစေရေးတို့အတွက် ရည်ရွယ်ပြီး ကျင်းပရခြင်းဖြစ်ကြောင်း၊  သာသနာတော် နေလို လလို ထွန်းလင်းစေလိုသည့်အတွက် ရှေးဆရာတော်ကြီးများ ဆောင်ရွက်ခဲ့တာကို ယခုအချိန်ထိ သံဃာ့ဂိုဏ်ပေါင်းစုံအဖွဲ့မှ ဆက်လက်ကြိုးစား ဆောင်ရွက်နေလျက်ရှိကြောင်း မုရစ်ကြီး တောင်ပေါ်ကျောင်း ဆရာတော်က မိန့်ကြားသည်။

အဆိုပါ ပရိယတ္တိ မွန်−မြန်မာ နှစ်ဘာသာ ရေးဖြေစာမေးပွဲ (မူလတန်း၊ ဥပစာတန်း၊ ပထမတန်း ၊ ဒုတိယတန်း၊ တတိယတန်းနှင့် စာချတန်းကို  (၇)ရက် ကျင်းပပြုလုပ်သွားမည်ဖြစ်ပြီး  အနယ်နယ်အရပ်ရပ်မှ စာဖြေသံဃာ (၂၂၉) ပါးနှင့် သီလရှင် (၁၁) ပါး စုစုပေါင်း စာဖြေသံဃာ (၂၄၀) ပါး ဝင်ရောက် ဖြေဆို ကြကြောင်း သိရသည်။

မွန်ကြီး(ချောင်းဆုံ)